မြန်မာ့ဒီမိုကရေစီအရေး နိုင်ငံတကာအသိုင်းအဝိုင်းပါ၀င်ဖို့ လိုတယ်လို့ အမေရိကန် ဒုသမ္မတပြော
စစ်တပ်က အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပါဝင်ကူညီဖို့ လိုအပ်တယ်ဆိုပြီး အမေရိကန်ဒုတိယသမ္မတ ခါမလာဟဲရစ်က ပြောလာပါတယ်။
ဒုတိသမ္မတ ဟဲရစ်က သူ့ရဲ့ စင်ကာပူနိုင်ငံခရီးစဉ်အတွင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံအပြီး ဒီနေ့ သြဂုတ်လ ၂၃ ရက် နေ့လည်မှာ ပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
”တန်ဖိုးထားရတဲ့ကိစ္စတွေကို ပြောကြရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အထူးအလေးထားပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်နဲ့ကျွန်မတို့ မြန်မာပြည်တွင်းက အကျပ်အတည်းအရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကမ္ဘာကြီးရော၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ပါ မြန်မာပြည်သူတွေကို ကူညီဖို့ လိုအပ်ပါတယ်။”လို့ ဒုသမ္မတက ပြောပါတယ်။
ဒါ့အပြင် အမေရိကန်အနေနဲ့ အရှေ့တောင်အာရှ သာမက အင်ဒို-ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုလည်း တိုးလုပ်မယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့အရေးဖြေရှင်းရေးမှာ မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ကြီးရဲ့ ဦးဆောင်မှုကို အလေးပေးတဲ့အကြောင်း အတိအလင်းထုတ်ပြောထားတဲ့နိုင်ငံဖြစ်ပါတယ်။
ဒါ့ပြင် တဖက်မှာလည်း ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ တိုက်တွန်းနေပါတယ်။
ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-58248887

