အမေရိကန်ဒုသမ္မတ စင်ကာပူ ရောက်နေ၊ ဘိုင်ဒန်အစိုးရဲ့အရှေ့တောင်အာရှဆိုင်ရာဦးစားပေး ဘယ်လိုရှိမလဲသိနိုင်ဖို့ ဒီခရီးစဉ်ကို စောင့်ကြည့်နေကြ
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးဒုတိယသမ္မတ ခါမလာ ဟဲရစ် ဟာ ဒီနေ့ သြဂုတ်လ ၂၂ ရက်ကစတင်ပြီး စင်ကာပူနိုင်ငံကို ၃ ရက်ကြာအလည်အပတ်ခရီးရောက်နေပါတယ်။
ဒုသမ္မတ စီးတဲ့ အဲဖို့စ်တူးလေယာဉ်ဟာ စင်ကာပူဒေသစံတော်ချိန် ဒီနေ့မနက် အစောပိုင်းမှာပဲ ပါယာလီဘာလေတပ်စခန်းကို ဆိုက်ရောက်ခဲ့တာဖြစ်ပါတယ်။
မစ္စဟဲရစ်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးအပြင် အတွင်းဝန်ရော၊ အမေရိကန်နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ပါ လေတပ်လေယာဉ်ကွင်းမှာလာကြိုဆိုတာကိုတွေ့ရပါတယ်။
ဒုသမ္မတရဲ့စင်ကာပူခရီးစဉ်ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ရဲ့ စင်ကာပူ၊ ဗီယက်နမ်နဲ့ ဖီလစ်ပိုင်နိုင်ငံတွေပါဝင်တဲ့ အရှေ့တောင်အာရှခရီးစဉ်အပြီး မကြာခင်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒုသမ္မတအတွက်တော့ ဒါဟာ ရာထူးစယူချိန်ကတည်းက ပထမဆုံးအာရှခရီးစဉ်လည်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံကိုလည်း ခရီးဆက်ဖို့ ရှိပါတယ်။
စင်ကာပူမှာရှိတဲ့အမေရိကန်သံရုံးအကြီးအကဲကတော့ အမေရိကန်-စင်ကာပူ မဟာမိတ်ဖြစ်မှု ၅၅ နှစ်တာ ကာလဆက်ဆံရေးရဲ့အစဆိုပြီး ဒုသမ္မတ ခရီးစဉ်ကို ရည်ညွှန်းပြောဆိုသလို နှစ်နိုင်ငံ လုံခြုံရေးနဲ့ ကာကွယ်ရေး သဘောတူညီချက်တွေဟာ အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံး တည်ငြိမ်ကြံ့ခိုင်မှုကို ဆောင်ကျဉ်းထားနိုင်တယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ဒုသမ္မတရဲ့ အခုခရီးစဉ်ဟာ သမ္မတဘိုင်ဒန်အစိုးရအဖွဲ့ဝင်တစ်ဦးရဲ့ အရှေ့တောင်အာရှဆီ ဒုတိယတစ်ကြိမ်ခရီးစဉ်ဖြစ်တာကြောင့် ဘိုင်ဒန်အစိုးရရဲ့ ဒေသတွင်းအပေါ်ဘယ်လိုမူဝါဒထားရှိမလဲဆိုတာကို စောင့်ကြည့်လေ့လာမှုတွေရှိနေပါတယ်။
ဒါပေမဲ့ အခုလအစောပိုင်းတုန်းကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အာဆီယံအစည်းအဝေးပွဲတွေကို အွန်လိုင်းကနေ တက်ရောက်တုန်း မဲခေါင်ဒေသဒေသတွင်းသာမက အာဆီယံ တစ်ခုလုံးအတွက် စီးပွားရေးဆိုင်ရာ ထိတွေ့မှုတွေ ပိုလုပ်သွားမယ်လို့ ပြောထားချက်လည်း ရှိနေပြန်ပါတယ်။




