မြို့ပြစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် ပျောက်ကြားတပ်ဖွဲ့သတိပေး

ရန်ကုန်မြို့တွင် တိုက်ပွဲအချိန် နီးကပ်လာပြီဖြစ်၍ ပြည်သူ့ကာကွယ်ရေးအတွက် ပြင်ဆင်ထားကြရန်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )များကို အကူအညီပေးကြရန် မြို့ပြပြောက်ကျားအဖွဲ့ဝင်များက တိုက်တွန်းလိုက်သည်။

ယမန်နေ့ (ဩဂုတ် ၂၀) က ရန်ကုန်မြို့တွင်း တိုက်ခိုက်မှုတချို့မှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်းလည်း အတည်ပြုကြသည်။

ရန်ကုန်ပေါက်ကွဲမှုများ

စစ်တပ်၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် လှိုင်မြို့နယ်၊ အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့်ရှိ တပ်မတော်ချည်မျှင်နှင့် အထည်ချုပ်စက်ရုံ၏ မော်တော်ယာဉ် ၃ စီးကို ဖောက်ခွဲခဲ့ကြောင်း ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကျားအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“ဝန်ထမ်းတွေကို မတရားဖိနှိပ်ခိုင်းစေနေတာတွေရှိတယ်။ ဝန်ထမ်းတွေကို ထိခိုက်မှာစိုးလို့ သူတို့ရဲ့ ထောက်ပို့ကားတွေကိုပဲ ကျွန်တော်တို့က လုပ်လိုက်တာပါ။ လူမသေလောက်ဘူး။ ကားကိုပဲ Target (ပစ်မှတ်) ထားတာ” ဟု ၎င်းက ဆိုသည်။

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၅ ထိပ်ရှိ ရဲစခန်းကို ယမန်နေ့ ည ၇ နာရီ ဝန်းကျင်က ဖောက်ခွဲခဲ့ပြီး ဒဏ်ရာရသူများရှိသည်ဟု လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF-HTY) က အတည်ပြုသည်။

ပေါက်ကွဲအားပြင်းထန်သည့် Control Bomb အမျိုးအစားဖြင့် ထိန်းချုပ်ဖောက်ခွဲခဲ့ပြီး သေဆုံး၊ ဒဏ်ရာရမှုများရှိသည်ဟု ရဲစခန်းအနီးနေထိုင်သူများထံမှ ကြားသိရကြောင်း ကိုသူတော်ဟု လျှို့ဝှက်အမည်ပေးထားသော လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

“အားကလည်း ပြင်းထန်တယ်။ ကားထဲမှာ ထောင်ထားခဲ့တာဖြစ်တဲ့အတွက်ကြောင့် အဲဒီကားလည်း ပေါက်ကွဲသွားခဲ့တယ်။ မျက်မြင်သက်သေတချို့ကလည်း အဲဒီနားပတ်ဝန်းကျင်မှာ ထိခိုက်သွားတာ တွေ့တယ်လို့တော့ ပြောပါတယ်” ဟု ကိုသူတော်က ဆက်ပြောသည်။

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၅ ထိပ်ရဲစခန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိပေ။

လသာရဲစခန်း ပစ်ခတ်မှု

ရန်ကုန်မြိုလယ်ခေါင် လသာလမ်းပေါ်ရှိ လသာမြို့နယ်ရဲစခန်းတွင် ယမန်နေ့ ည ၇ နာရီ ဝန်းကျင်၌ ပေါက်ကွဲသံများကြားရပြီးနောက် ဆက်တိုက်ဆိုသလိုပင် ပစ်ခတ်သံများထွက်ပေါ်ခဲ့ကြောင်း စခန်းဝန်းကျင် နေထိုင်သူတချို့က ပြောသည်။

လသာလမ်းအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာစားနေချိန် ထိုသို့ကြားခဲ့ရကြောင်း လသာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောခြင်း ဖြစ်သည်။

“ဝုန်း ဆိုတဲ့ အသံက နည်းနည်းကျယ်တယ်။ တစ်ချက်ကြားပြီးတော့ ဆက်တိုက် … ဖောက် ဖောက် ဖောက် ဖောက် ဆိုပြီး ပစ်တယ်။ နည်းနည်းလေးကြာတော့ နောက်ထပ် ၂ ချက် ၃ ချက် ပစ်ခတ်တဲ့ အသံတွေ ကြားရတယ် ” ဟု ၎င်းက ဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လသာရဲစခန်းတည်ရှိရာ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား လသာလမ်းမ ဘလောက်ကို စစ်တပ်က မီးအမှောင်ချ၍ ပိတ်ဆို့လိုက်ကာ ယနေ့ နံနက်ပိုင်းအထိပင် ထိုလမ်းမကို ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ မြင်လိုက်ရတာက ကားမောင်းထွက်သွားတယ်။ (အဲဒီကား) အနောက်ကနေပြီးတော့ စစ်ကားတွေ လိုက်သွားတာ တွေ့လိုက်ရတယ်” ဟု ၎င်းက ပြောသည်။

လသာရဲစခန်း အမည်းရောင်အထုပ်ဖြင့် ပစ်ပေါက်ခံရပြီး ပစ်ခတ်သံများကြားရသည်ဟု သတင်းထွက်ပေါ်နေသော်လည်း လသာရဲစခန်းက တယ်လီဖုန်းလက်ခံဖြေကြားခြင်း မရှိသောကြောင့် မေးမြန်းအတည်ပြုနိုင်ရန် ခက်ခဲနေသည်။

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များက ထိုပစ်ခတ်မှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း Myanmar Now ကို ပြောသည်။

ယင်းပေါက်ကွဲ ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး ဒဏ်ရာရမှု၊ သေဆုံးမှု၊ ပျက်စီးမှု အခြေအနေကို စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီရန်က ကာကွယ်ရန် တိုက်တွန်း

စစ်ကောင်စီကို အရှိန်မြှင့် ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်၍ ရန်ကုန်လူထုအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တိုက်ပွဲသတင်းထုတ်ပြန်မှုများကို နားစွင့်ကြရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များမှ ကာကွယ်ရေး ပြင်ဆင်ထားကြရန် ရန်ကုန် အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်များက တိုက်တွန်းသည်။

လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ ( CGF-HTY) မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လက်တွဲလုပ်ဆောင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို စုပေါင်းဖွဲ့စည်းထားသည့် Area 21 အဖွဲ့ဝင် ပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သည်ဟု ဆိုသည်။

Area 21 အဖွဲ့မှာ တစ်နိုင်ငံလုံးရှိ မြို့ပြပြောက်ကျားအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စုစည်းထားခြင်းဖြစ်ပြီး NUG ၏ လမ်းညွန်မှုဖြင့် လှုပ်ရှားနေသည်ဟု ထိုအဖွဲ့ဝင် မြို့ပြပြောက်ကျားအဖွဲ့ CGF-HTY ခေါင်းဆောင် ကိုသူတော်ထံမှ သိရသည်။

“Area 21 က ရဲဘော်တွေအကုန်လုံးက NUG နဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်ပြီးတော့ လှုပ်ရှားနေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ NUG က ဆရာကြီးတချို့ရဲ့ အကူညီအထောက်ပံ့ပေးတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ရန်ပုံငွေရှာတာတွေရှိပါတယ်” ဟု ၎င်းက ပြောသည်။

“တခြားနေရာတွေ ဖိလို့ မရလို့ရှိရင် သူတို့က ရန်ကုန်နဲ့ မန္တလေးကို ဖိလာမှာပဲ။ အဲ့ဒါကြောင့် ကျွန်တော်တို့ က ရန်ကုန်နဲ့ မန္တလေး၊ ပဲခူးတို့ကို အများကြီး မထိခိုက်စေချင်ဘူး”

မြို့ပြပြောက်ကျားစစ်ဆင်ရေးများ တိုးမြှင့်သွားမည်ဖြစ်၍ ရန်ကုန်တွင် နေထိုင်သူတို့ ရှေးဦးသူနာပြုစုနည်းများနှင့် ကာကွယ်နိုင်ရေးပြင်ဆင်ထားရန် လိုအပ်ကြောင်း ကိုသူတော်က ဆက်ပြောသည်။

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးကလည်း ၎င်းတို့သည် NUG နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း၊ ပြည်သူတို့၏ကူညီမှု လိုအပ်ကြောင်း ပြောသည်။

“ရန်ကုန်လူထုအနေနဲ့ အရေးကြီးတဲ့ အချိန်က တဖြည်းဖြည်း နီးကပ်လာပြီဖြစ်တာကြောင့် အခုကတည်းက ပြင်ဆင်ထားပြီးတော့ NUG က ထုတ်ပြန်တဲ့ တိုက်ပွဲသတင်းတွေကို နားစွင့်ထားဖို့ နဲ့ PDF တွေကို တတ်နိုင်သမျှ အကူအညီပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သူတို့ကို အသက်အရွယ်၊ လူမျိုးမရွေး အကြမ်းဖက်နှိမ်နင်းလျက်ရှိရာ သတ်ဖြတ်ခံရ၊ ဖမ်းဆီးခံရမှုများကို ဒေသအသီးသီးတွင် တွေ့နိုင်သည်။

စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၁၀၀၇ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဩဂုတ် ၂၁ တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက AAPP ကိန်းဂဏန်းကို ငြင်းပယ်သော်လည်း ဖမ်းဆီး၊ သတ်ဖြတ်မှုအရှိန် လျှော့ချခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကို ခုခံသည့် လက်နက်ကိုင်အံတုမှုများ နေရာအနှံ့တွင် ဆက်လက်ဖြစ်ပေါ်နေသည်။ myanmar now

Leave a comment