
တာ့ခ်ခရိုင်မဲေဆာက်တွင် ညမထွက်ရအမိန့်ထုတ်ပြန် ရွှေ့ပြောင်းလုပ်သားများကို ည ၈ နာရီမှနံနက် ၄ နာရီအထိလထိုင်းလူမျိုးများက ည ၁၁နာရီ မှ မနက်၄ နာရီအထိ ညမထွက်ရန်ထုတ်ပြန်ကြေညာ
.
ယနေ့ (၈-၇-၂၀၂၁) နံနက်တွင် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး ဖွန်ရတ် ဖိရွမ်ရတ်ဦးဆောင်၍ ခရိုင်ကူးစက်
ရောဂါကော်မတီ ပုံမှန်အစည်းအဝေးတရပ်ကို ခရိုင်မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး ဒုခရိုင်မှူးနှစ်ဦး နှင့်ခရိုင်အမြဲတမ်းအတွင်းဝန်တို့ကအစည်းအဝေးတက်ရောက်ခဲ့ကြပြီး ဌာနအသီးသီးမှတာဝန်ရှိသူများက ဗီဒီယို ကွန်းဖရင့်ဖြင့်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
.
အဆိုပါအစည်းအဝေးတွင် ခရိုင်အတွင်းလတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေ
အနေနှင့်ပတ်သက်၍ အဓိကဆွေးနွေးခဲ့ကြပြီး ခရိုင်လော့ခ်ဒေါင်းချမည့်ကိစ္စကို သုံးသပ်ခဲ့ကြသည်ဟု
ထုတ်ပြန်ထားသည်။
.
ကနဦးတွင် မဲဆောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်ရေးကို ဦးစားပေးဆွေးနွေးခဲ့ကြပြီး
စားသောက်ဆိုင်များတွင်အရက်ဘီယာသောက်သုံးခွင့်ပိတ်ထားရန်၊ စားသောက်ဆိုင်များတွင် ည ၈ နာရီ ထိသာဆိုင်ထိုင်စားခွင့်ပြုရန် သတ်မှတ်ချိန်ကျော်လွန်ပါကပါဆယ်ထုပ်ပြီးအိမ်တွင်ပြန်စားရန် (ကုန်
တိုက်ပေါ်ရှိစားသောက်ဆိုင်များအပါအဝင်)၊ လူစုလူဝေးဖြစ်စေသည့်ထုံးတမ်းအစဉ်အလာပွဲလမ်းသဘင်
များကျင်းပခွင့်ပိတ်ထားရန် (ရဟန်းခံရှင်ပြုပွဲ နှင့် ဈာပနအခမ်းအနားမှအပ သို့သော် လူ ၅ဝ ဦးထက်မပို
ရ)၊ ဈေးဝယ်စင်တာများနှင့်ကုန်တိုက်များကို ည ၉ နာရီအထိသာခွင့်လှစ်ခွင့်ပြုရန်၊ ဟိုတယ် အဆောင် အငှားအိမ်များအား အထွေအထွေအုပ်ချုပ်ရေးဌာနထံဧည့်စာရင်းတိုင်ကြားစေရန်၊ ရွှေ့ပြောင်းလုပ်သား
များအား ည ၈ နာရီ မှ နံနက် ၄ နာရီအထိအိမ်အပြင်ထွက်ခွင့်မပြုဘဲလော့ခ်ဒေါင်းချထားရန်၊ အများပြည်
သူအားည ၁၁ နာရီမှနံနက် ၄ နာရီအတွင်း ခရီးသွားလာခြင်းမပြုရန်မေတ္တာရပ်ခံထားရန်၊ ဖျားခြင်း ချောင်းဆိုးခြင်း လည်ချောင်းနာခြင်း စသည့်လက္ခဏာပြသောလူနာတိုင်းကို ဆေးခန်းနှင့်ဆေးဆိုင်များ က ARI ဆေးခန်းသို့ဆက်လက်ပို့ဆောင်စေရန် စသည့်လော့ခ်ဒေါင်းစီမံချက်များကို အကြိုသုံးသပ်ခဲ့ကြ
ပြီး များမကြာမီတရားဝင်ထုတ်ပြန်ကြေညာမည်ဟု သိရသည်။
.
တဆက်တည်းတွင် တာ့ခ်ခရိုင်အနေဖြင့် အက်စထရာဇီနီကာကာကွယ်ဆေး ၈၄၀၀ ဒို့စ်လက်ခံရရှိခဲ့ပြီး လတ်တလောကူးစက်မှုရှိနေသည့် မဲဆောက်မြို့နယ်တွင် ၅၀၀၀ ဒို့စ်ထိုးနှံသွားမည်ဟုသိရပြီး ကျန်ရှိ သည့်ကာကွယ်ဆေးများကို အမည်စာရင်းပေးထားသည့်သက်ကြီးရွယ်အိုများကို ဦးစားပေးထိုးနှံပေးမည်
ဟုဖော်ပြထားသည်။
.
တချိန်တည်းတွင် လက်ခံရရှိထားသည့် စိုင်းနိုးဗက်ကာကွယ်ဆေး ၂၇၂၀ ဒို့စ်ကို ဒုတိယအကြိမ်ထိုးနှံရ
မည့်သူများအားထိုးနှံပေးသွားမည်ဟု သိရသည်။
.
ထို့ပြင် ကိုဗစ်လူနာများကိုလက်ခံနိုင်ရန် လာမည့် ၁ ရက် ၂ ရက်အတောအတွင် နယ်စပ် ၅ မြို့နယ်တွင်
ယာယီဆေးရုံများ ထပ်မံဖွင့်လှစ်နိုင်မည်ဟု ရည်မှန်းထားသည်။
.
ထို့နောက် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့အချက်အလက်အရ တာ့ခ်ခရိုင်တွင် ထပ်တိုးလူနာ ၆၆ ဦးရှိခဲ့ပြီး အများဆုံးအဖြစ် မဲဆောက်မြို့နယ်တွင် ၅၇ ဦးတွေ့ရှိခဲ့သည်။ ယခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ဇူလိုင်လ ၇ ရက်နေ့အထိ တာ့ခ်ခရိုင်တွင် အတည်ပြုလူနာ ၁၅၆၆ ဦးရှိခဲ့ပြီး ကုသမှုခံယူနေသည့်လူနာဦးရေ ၁၁၂၉ ဦး၊ သေဆုံးလူနာ ၈ ဦးရှိသည်ဟု ထပ်မံသိရှိရသည်။


