



ဇန်နဝါရီ ၁၉ ရက်၊
ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူအပြည့် တင်လာတဲ့ ပစ်ကပ်ကားတစ်စီး ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့ပြီးနောက် အဲဒီယာဥ်ပေါ်ပါလာတဲ့ တရားမဝင်မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
မိုးကာအုပ်ထားကာ ပြုပြင်ထားတဲ့ ပစ်ကပ်ကားဟာ နောက်ဘီးတာရာ ပြုတ်ထွက်ပြီး ဖက်သလောင်-ဟက်ရိုင်လမ်းကြောင်း ဖက်ကဆမ်လမ်းမကြီးပေါ်မှာ မနက် ၆ နာရီခွဲခန့်က တိမ်းမှောက်ခဲ့တာပါ။
အခင်းဖြစ်ပွားတဲ့နေရာကို ရဲတပ်ဖွဲ့ရောက်ရှိချိန်မှာ ယာဥ်မောင်းနဲ့ ခရီးသည်တွေ မရှိတော့ဘဲ ထွက်ပြေးသွားခဲ့တယ်လို့ ဖက်သလောင် တာ၀န်ကျရဲအရာရှိက ပြောပါတယ်။
ဒါပေမဲ့ အခင်းဖြစ်ပွားရာနဲ့ ၁ ကီလိုမီတာလောက်အကွာက ဒေသခံတွေရဲ့ နေအိမ်မှာ ပုန်းခိုနေတဲ့ ခရီးသည် ၂၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအရာရှိက ဆိုပါတယ်။
ရွှေ့ပြောင်းအလုပ်သမား ၂၉ ဦးမှာ အမျိုးသမီး ၈ ဦးနဲ့ ကလေးငယ် ၂ ဦးပါဝင်ပြီး တစ်ဦးဟာ ယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။ ယာဥ်မောင်းကတော့ လွတ်မြောက်နေဆဲလို့ သိရပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ နယ်စပ်ဖြတ်ကျော်ကာ ရနောင်းခရိုင်ထဲကို တရားမဝင်ဝင်ရောက်ခဲ့ပြီး ဆွန်ခလာကို မထွက်ခွာမီ ချွန်ဖုန်းမှာ နေထိုင်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ သူတို့ဟာ အခြားနိုင်ငံတစ်နိုင်မှာ အလုပ်လုပ်ဖို့အတွက် ထိုင်းပွဲစားကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
Migrant Times