ဇန်နဝါရီ ၁၈ ရက်၊
ထိုင်းနိုင်ငံမှာ မနေ့က ဆီတင်သင်္ဘောပေါက်ကွဲပြီးမြန်မာလုပ်သား ၇
ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 ဟာ ဇန်နဝါရီလ ၁၇ ရက်မနက်ပိုင်းမှာ အလုပ်သမား ၃၀ ဦးခန့်နဲ့ ဆီပိုက်လိုင်း ဂဟေဆော်တဲ့ လုပ်ငန်းဆောင်ရွက်နေတုန်း ပိုက်လိုင်းအတွင်းက ဆီလက်ကျန်ကတစ်ဆင့် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေခဲ့ရာမှာ မနေ့ မနက်ပိုင်းက မြန်မာနိုင်ငံသား ၁ ဦးရဲ့ ရုပ်အလောင်းကို စ တွေ့ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာမြန်မာနိုင်ငံသား ၆ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦးရဲ့ရုပ်အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့မိသားစုဝင်တွေကို ဘန်ကောက်မြို့ မြန်မာသံရုံးက သံအမတ်က သွားတွေ့ြပီး အာမခံကြေး၊ ဆုကြေး၊ နစ်နာကြေးတွေကို မိသားစုဝင်တွေ အမြန်ဆုံးရရှိနိုင်ဖို့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်တွေနဲ့ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး သံရုံးအနေနဲ့ မိသားစုဝင်တွေကို တစ်ဦးကို ထိုင်းဘတ်ငွေ ၅၀၀၀ စီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ဦးအတွက်လည်း ကူညီထောက်ပံ့ပေးမယ်လို့ သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
Migrant Times
Source – https://www.facebook.com/permalink.php?story_fbid=717955283023890&id=108460187306739



