အေဂျင်စီနာမည်အသုံးချပြီး ပွဲစားတွေက ထိုင်းကိုအလုပ်သမားတွေ တရားမဝင်ပို့နေ


ဇူလိုင် ၃ရက်၊ Migrant Times

တရားဝင်အေဂျင်စီတွေရဲ့နာမည်အသုံးချပြီး ပွဲစားတွေက ထိုင်းနိုင်ငံကို အလုပ်သမားတွေ တရားမဝင် ပို့နေတာတွေပိုပြီးလုပ်လာတယ်လို့ သက်ဆိုင်ရာအေဂျင်စီတွေထံက သိရပါတယ်။

အခုဆို ထိုင်းနိုင်ငံက MOUလုပ်သားတွေ ပြန်လည်လက်ခံနေပြီဖြစ်တာကြောင့် လိုင်စင်ရအေဂျင်စီတွေကအလုပ်သမားပြန်လည်စေလွှတ်ချိန်မှာ အဲဒီလို အသုံးချလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“အလုပ်သမားက ဘယ်အေဂျင်စီကပို့မှာလဲဆိုရင် ပွဲစားက အေဂျင်စီနာမည်နဲ့လုပ်ငန်းလိုင်စင်နံပါတ်ပြပြီးလိမ်တာ။ သတင်းတွေတောက်လျှောက်ကြားနေရတယ်”လို့ ရွှေလိပ်ပြာအေဂျင်စီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီလို လိမ်လည်မှုတွေရှိနေတာကြောင့် အလုပ်သမားတွေအနေနဲ့ ပွဲစားစကားကိုမယုံဖို့နဲ့ အေဂျင်စီနဲ့တိုက်ရိုက်ဆက်သွယ်စုံစမ်းဖို့ အေဂျင်စီလုပ်ငန်းရှင်တွေက အကြုံပြုပါတယ်။

ဒါ့အပြင် အလုပ်သမားဌာနက တရားဝင်ထုတ်ပြန်ထားတဲ့အေဂျင်စီတွေရဲ့နာမည်နဲ့ဆက်သွယ်ရမယ့် လိပ်စာ၊ဖုန်းနံပါတ်တွေကို လေ့လာထားဖို့လိုမယ်လို့လည်းသူတို့ကပြောပါတယ်။

ထိုင်းနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာလုပ်သားခေါ်ယူမှုရပ်နားထားရာကနေ အခုဆက်တိုက်ပြန်လည်ခေါ်ယူနေပါတယ်။

လက်ရှိအချိန်အထိ နှစ်လကျော်အတွင်း ထိုင်းနိုင်ငံကို MoUလုပ်သား ၁၀,၀၀၀နီးပါသွားရောက်နိုင်ခဲ့ပြီးဖြစ်တယ်လို့လည်းမှတ်တမ်းတွေအရ သိရပါတယ်။

ဒါပေမယ့် ပွဲစားတွေရဲ့ တရားမဝင်ပို့ဆောင်မှုတွေကြောင့် မြန်မာလုပ်သားတွေ ထိုင်းနိုင်ငံထဲမှာ မကြာခဏဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

(ထိုင်းနိုင်ငံကို တရားမဝင်လာရောက်တာကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေ၊ ဓာတ်ပုံ – ပေးပို့)

Leave a comment