ဇူလိုင် ၃ရက်၊ Migrant Times
ထိုင်းနိုင်ငံ ဖတ်ထလူခရိုင်၊ ထာ့ချန်မြို့က အာရှလမ်းမကြီးပေါ်မှာ ဇူလိုင်၁ရက် ညနေက တရားမဝင်မြန်မာလုပ်သားတွေသယ်ဆောင်လာတဲ့ကားနဲ့ ဆိုင်ကယ်တစ်စီး ယာဥ်တိုက်မှုဖြစ်ပြီး မြန်မာလုပ်သားတွေ ဒဏ်ရာရရှိခဲ့တဲ့အပြင် ဖမ်းဆီးမှုလည်းခံခဲ့ရတယ်လို့ ထိုင်းသတင်းဌာန MGR Onlineက ဖော်ပြထားပါတယ်။
အဆိုပါ ယာဥ်တိုက်မှုရဲ့ဖြစ်စဉ်ဟာ အာရှလမ်းမကြီးပေါ်မှာ အလျင်အမြန်မောင်းနင်းလာတဲ့ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ပစ်ကပ်ကားဖြူတစ်စီးက ဆိုင်ကယ်တစ်စီးကို တိုက်မိခဲ့ပြီး ကားက အရှိန်ကိုမထိန်းနိုင်ဘဲ လမ်းဘေးထိုးကျခဲ့ပါတယ်။ လမ်းဘေးသို့ ထိုကျသွားပြီးနောက် ကားမောင်းသမားက ထွက်ပြေးသွားခဲ့ပါတယ်။
ကားပေါ်မှာလိုက်ပါလာတဲ့ မြန်မာလုပ်သား ၂၃ ဦးကတော့ ဒဏ်ရာတွေရရှိပြီး ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်ဖို့ ကြိုးစားခဲ့သော်လည်း အခင်းဖြစ်ပွားတဲ့ နေရာနဲ့ မိတာ ၃၀၀လောက်အကွာဝေမှာရှိတဲ့ ရော်ဘာတောတစ်တောအရောက်မှာတော့ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှု ခံခဲ့ရပါတယ်။
ထိုင်းအာဏာပိုင်တွေက ဒဏ်ရာရရှိသူတွေကို အရေးပေါ်ကားတွေနဲ့ အနီးအနားမှာရှိတဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာမရသူတွေကိုတော့ အာဏာပိုင်တွေက စစ်ဆေး အရေးယူရန်အတွက် သက်ဆိုင်ရာရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။
တရားမဝင် မြန်မာလုပ်သားတစ်ဦးရဲ့ထွက်ဆိုချက်အရ ဝင်ရောက်လာသူ လူအများစုရဲ့ မူရင်းဇာတိတွေဟာ ရန်ကုန်မြို့က ဖြစ်တယ်လို့သိရပါတယ်။
သူတို့တွေဟာ မြန်မာနိုင်ငံ ကော့သောင်းမြို့ဖက်ကနေ ထိုင်းနိုင်ငံ ရနောင်းဖက်ကို လှေဖြင့် ရောက်ရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး အဲဒီနောက် မလေးရှားနိုင်ငံကို အလုပ်လုပ်သွားဖို့ ခရီဆက်နေအချိန်မှာ ယာဉ်မတောတဆဖြစ်ခဲ့တာကြောင့် ယခုလို ဖမ်းဆီးခံလိုက်ရတယ်လို့ မြန်မာလုပ်သားတစ်ဦးက ထပ်မံထွက်ဆိုခဲ့ပါတယ်။
“အဲဒီ တရားမဝင် လုပ်သမားတွေ ဘယ်လိုဝင်ရောက်လာကြတယ်ဆိုတာ အချက်အလက်အတိကျ စုံစမ်းစစ်ဆေးရဦးမယ်၊ ကျွန်တော်တို့အနေနဲ့ အခုအချိန်မှာ အချက်အလက်အတိကျကြီးပေးလို့မရသေးဘူး”လို့ ဖတ်ထလူခရိုင် တာ့ချန်မြို့နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဆုကရစ် မီဖလင့်က ထိုင်းမီဒီယာတစ်ခုမှာ ပြောကြားပါတယ်။
ကိုးကား၊ ဓာတ်ပုံ – MGR Online
#Credit Migrant Times



