အမေရိကန်၊ ကနေဒါ ၊ ဩစတြေးလျ နဲ့ ဗြိတိန် တို့လို ဥရောပနိုင်ငံတော်တော်များများမှာ အလွန်ထူးဆန်းတဲ့ (Monkeypox) မျောက် ကျောက်ရောဂါတစ်မျိုး ကူးစက်ပျံ့နှံ့နေတယ်လို့ သက်ဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေ နဲ့ ဒေသမီဒီယာတွေက ထုတ်ပြန် ထားပါတယ်။ နောက်ဆုံးရထားတဲ့သတင်းတွေအရ ပြင်သစ်၊ အီတလီ ၊ ဆွီဒင်၊ စပိန်၊ ပေါ်တူဂီ နဲ့ ပီရူးနိုင်ငံတွေမှာလည်း ဒီရောဂါ ကူးစက်ခံရသူအသစ်တွေ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ မျောက် ကျောက်ရောဂါဟာ ဗဟိုနဲ့ အနောက်အာဖရိကရှိ ဝေးလံခေါင်းပါးတဲ့ ဒေသတွေမှာ အများဆုံးတွေ့ရတာဖြစ်ပြီး ဥရောပအထိ ကူးစက်ပြန့်နှံ့လာတာက ရှားရှားပါးပါးဖြစ်ပါတယ်။ ဒေသတွင်း အပြင်ဘက်မှာ ဖြစ်ပွားတဲ့ရောဂါတွေဟာ အဆိုပါဒေသကို ခရီးသွားလာမှုတွေကြောင့် ကူးစက်ခံရတာဖြစ်ပါတယ်။ အမေရိကန်မှာတော့ ကနေဒါနိုင်ငံကို သွားပြီးပြန်လာတဲ့ မန်ဆာချူးဆက်ပြည်နယ်က အမျိုးသားတစ်ဦးမှာ ဒီရောဂါ ကူးစက်ခံ ရတာကို တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကနေဒါနိုင်ငံမှာတော့ ဒီရောဂါကူးစက်မှု သံသယရှိသူ (၁၃)ယောက် အထိတွေ့ရှိထားပါတယ်။ ဗြိတိန် အမျိုးသားကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ မျောက် ကျောက်ရောဂါဟာ ရှားပါးကူးစက် ရောဂါပိုးတစ်မျိုး ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရရင် တုပ်ကွေးလို ရောဂါလက္ခဏာမျိုး ပြတတ်ပြီး အဲဒီနောက် မျက်နှာ နဲ့ ခန္ဓာကိုယ် ပေါ်မှာ ရေကျောက်လို အဖုအပိန့်တွေ ထွက်လာတတ်တာပါ။ လူလူ ချင်းကြား ကူးစက်ပြန့်ပွားလွယ်တဲ့ ဗိုင်းရပ်စ် မဟုတ်သလို့တော့ အန္တရာယ်ဖြစ်နိုင်ခြေ အလွန်နည်းတယ်လို့ဆိုပါတယ်။ ကူးစက်ခံရသူအများစုကတော့ သီတင်းပတ်အနည်း အတွင်းမှာ ပြန်ကောင်းသွားတတ်တယ်လို့ ဆိုပါတယ်။