ထိုင်းအလုပ်သမားဝန်ကြီး ဆီကို အလုပ်သမားအခွင့်အရေးဆိုင်ရာတောင်းဆိုချက်တွေပေးပို့မယ်
ဒီကနေ့ မေလ ၁ ရက် မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေစုပေါင်းပြီး ရွှေ့ပြောင်းလုပ်သားအခွင့်အရေးဆိုင်ရာတွေကိုလမ်းလျှောက်ချီတက်တောင်းဆိုကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီကနေ့ လမ်းလျှောက်ချီတက်ပွဲကို ထိုင်းနိုင်ငံလုံးဆိုင်ရာသွေးစည်းညီညွတ်ရေးသမဂ္ဂအဖွဲ့ချုပ် TLSC/SERC နဲ့အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN အဖွဲ့ကမြန်မာရွှေ့ပြောင်းအလုပ်သမား ၇၅ ယောက်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ ချီတက်သူတွေဟာ ဘန်ကောက်မြို့ ဒီမိုကရေစီကျောက်တိုင်ရှေ့မှာစုစည်းကာ မနက် ၈နာရီကျော်က စတင်ချီတက်ခဲ့တာဖြစ်ပြီး အဲဒီကနေ ထိုင်းနိုင်ငံဘန်ကောက်ရှိကုလသမဂ္ဂရုံးရှေ့မှာ အလုပ်သမားအခွင့်အရေးဆိုင်ရာတွေဟောပြောတာတွေလုပ်မှာဖြစ်သလို ထိုင်းအစိုးရအိမ်တော်ကို သွားရောက်ကြမှာပါ။
ထိုင်းအစိုးရအိမ်တော်မှာ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးနဲ့ကိုယ်တိုင်တွေ့ဆုံကာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုယ်စား တောင်းဆိုချက်စာကို ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ကဦးအောင်ကျော်က ပြောကြားပေးအပ်မှာဖြစ်ပါတယ်။
” ဒီကနေ့တောင်းဆိုမယ့်အချက်တွေထဲမှာအဓိကကတော့ အလုပ်သမားအခွင့်အရေးနဲ့အညီ လွတ်လပ်စွာအသင်းအဖွဲ့နဲ့ သမဂ္ဂတွေဖွဲ့စည်းခွင့် ၊နောက်ပြီး ကိုဗစ်ကာလနဲ့ ကိုဗစ်လွန်ကာလတွေမှာ ရွှေ့ပြောင်းလုပ်သားတိုင်းတန်းတူ ပေးသွင်းထားတဲ့ လူမှုဖူလုံရေးကြေးတွေကို ထိုင်းနိုင်ငံသားအလုပ်သမားတွေနဲ့အတူ ရွှေ့ပြောင်းလုပ်သားတွေကိုလည်းတန်းတူအခွင့်အရေးပေးဖို့ စတဲ့အချက်တွေပါမှာပါ ” လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ကဦးအောင်ကျော်ကပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ လမ်းလျှောက်ချီတက်တောင်းဆိုပွဲကို ထိုင်းရောက်မြန်မာလုပ်သားတွေကနှစ်စဉ်ပြုလုပ်သလို တောင်းဆိုချက်တွေထဲက အချို့ကိုလည်းထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်ပေးတာတွေရှိတယ်လို့ဆိုပါတယ်။
သတင်း ဘီဘီစီမြန်မာ
ဓာတ်ပုံ – MWRN
ဒီသတင်းအပြည့်အစုံ နဲ့ အတူ ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-61232454



