ရုရှားက ယူကရိန်းနိုင်ငံအပြင် အခြား နိုင်ငံတွေကိုပါ ကျူးကျော်ရန် ရည်မှန်းချက်ရှိနေကြောင်း ယူကရိန်းသမ္မတ ပြောဆို


ရုရှားက ယူကရိန်းကိုသာမက အခြား နိုင်ငံတွေကိုပါ ကျူးကျော်ရန် ရည်မှန်းချက်များရှိနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောဆိုလိုက်သည်။

ယူကရိန်းကို ကျူးကျော်မှုအတွင်း ဒွန်ဘတ်စ်ဒေသနှင့် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ရန် စီစဥ်ထားကြောင်း ရုရှားစစ်တပ်မှ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ဖော်ပြောခဲ့ပြီးနောက် သမ္မတဇီလန်းစကီးက ထိုသို့ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

“ကျွန်တော်တို့လိုပဲ နိုင်ငံအားလုံးက သေခြင်းကို အနိုင်ရမယ်လို့ ယုံကြည်ချက်ထားပြီး ကျွန်တော်တို့နဲ့အတူ တိုက်ခိုက်ရမယ်။ သူတို့ ကျွန်တော်တို့ကို ကူညီရမယ် ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပထမဆုံး ကျူးကျော်ခံရတာပါ။ ပြီးရင် ဘယ်နိုင်ငံဖြစ်လာမလဲ” ဟု ယူကရိန်းသမ္မတက ဧပြီ (၂၂) ရက် ညပိုင်း နိုင်ငံကို ပုံမှန်ပြောနေသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့သည်။

ယူကရိန်းတောင်ပိုင်းကို အပြည့်အဝ ထိန်းချုပ်လိုက်ပါက ရုရှားအနေဖြင့် မော်လ်ဒိုဗာနိုင်ငံရှိ ရုရှားလိုလားသော ခွဲထွက်ရေးနယ်မြေ Transdniestria သို့ သွားလာရေးလမ်းကြောင်း ပိုမိုကောင်းမွန်လာမည်ဟု ဗိုလ်ချုပ်ကြီး Rustam Minnekayev ၏ ပြောကြားချက်ကို Interfax နှင့် TASS သတင်းဌာနတို့က ဖော်ပြခဲ့သည်။

ယူကရိန်းဗိုလ်ချုပ်ကြီး၏ ပြောကြားချက်အရ ရုရှားသည် ၎င်း၏ ရည်မှန်းချက်များကို ဖုံးကွယ်မထားတော့ကြောင်း ပေါ်လွင်စေသည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ရုရှားတပ်ဖွဲ့တွေက Transdniestria နယ်မြေကို ခြေကုပ်ယူပြီး နောက်ထပ် တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်လာမည်ကို ယူကရိန်းဘက်က စိုးရိမ်ပူပန်နေသည်။

ဖေဖေါ်ဝါရီ (၂၄) ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မှုနှင့်အတူ ယခုစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယူကရိန်းမှ ထွက်ပြေးကြရသည့် စစ်ဘေးရှောင်ဦးရေ ၅ သန်းကျော် (၅,၁၃၃,၇၄၇) ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး United Nations High Commissioner for Refugees (UNHCR) က ဧပြီ (၂၂) ရက်တွင် ပြောသည်။

#TachileikNewsAgency
Source: BBC, Reuters
Photo: Handout/ REUTERS

https://www.tachileik.net/mm/news/30062
* * * * *https://www.facebook.com/TachileikNewsAgency/

Leave a comment