တရားမ၀င် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာ (၂၆) ဦးနှင့် ထိုင်းကားမောင်းသမား တစ်ဦးတို့ ထိုင်းနိုင်ငံ ရနောင်း-ချွန်ဖော်ခရိုင်နယ်စပ်အတွင်းမှာ ဖမ်းဆီးခံရ

“လုပ်ငန်းခွင်သို့ ရောက်ရှိမှ အလုပ်လုပ်ရင်း ပွဲစားခ လစဉ်ပြန်ဆပ်ရမည့် သဘောတူညီမှုဖြင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာ (၂၆) ဦးနှင့် ထိုင်းကားမောင်းသမား တစ်ဦးတို့ ထိုင်းနိုင်ငံ ရနောင်း-ချွန်ဖော်ခရိုင်နယ်စပ်အတွင်းမှာ ဖမ်းဆီးခံရ”

၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၂၄ ရက်

ဧပြီလ၊ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ရနောင်း- ချွန်ဖော်ခရိုင်နယ်စပ်၊ ထာ့စဲ့မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ကျား (၉) ဦး၊ မ (၁၇) ဦး စုစုပေါင်း (၂၆) ဦးနှင့် အသက် (၆၃) နှစ်ရှိ ထိုင်းကားမောင်းသမား တစ်ဦးတို့ကို ချွန်ဖော်ခရိုင်အာဏာပိုင်များက ဖမ်းဆီးမိခဲ့ပါတယ်။

၎င်းအဖမ်းခံရသည့် (၂၆) ဦးထဲကအနက် ထိုင်းစကားကျွမ်းကျင်စွာ ပြောဆိုတတ်သည့် မြန်မာတစ်ဦး၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံသို့ မဝင်ရောက်မှီ မြန်မာနိုင်ငံဖက်မှာ (၂) ရက်တိတိ လူအရင်စုပြီး ညအချိန်တွင် လှေနှစ်စီးဖြင့် ထိုင်းနိုင်ငံနယ်စပ်ဖက်သို့ ဝင်ရောက်ပြီး ပွဲစားတို့မှ စီစဉ်ပေးထားသည့် ကားနှစ်စီးဖြင့် ခရီး (၂) နာရီခွဲခန့်ဆက်ခဲ့ရပါတယ်။ ထို့နောက် စစ်ဆေးရေးဂိတ်ကိုရှောင်ဖို့အတွက်လမ်းပြဦးဆောင်မှုနှင့် တောလမ်း၌ (၁) နာရီ ထပ်မံ လမ်းလျှောက်ရပြီး ဟတ်ယိုင်မြို့သို့ ပို့ဆောင်ပေးဖို့အတွက် တဆင့်ခံလာခေါ်သည့် ထိုင်းပွဲစား (၃) ဦးအနားသို့ မရောက်မှီ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း ၎င်းအလုပ်သမားတစ်ဦးက ထွက်ဆိုပြောကြားပါတယ်။

ပွဲစားကြေးကိုတော့ ထိုင်းပွဲစားတို့မှ မြန်မာနိုင်ငံဖက်ရှိ မြန်မာပွဲစားတို့အား ဆက်သွယ်ဆောင်ရွက်ခိုင်းခြင်းနှင့် ၎င်းတို့အချင်းချင်း ညှိနှိုင်းမှုရှိထားပြီးနောက် အလုပ်သမားတို့ကို လုပ်ငန်ခွင်သို့ ရောက်ရှိလာမှ အလုပ်လုပ်ကိုင်ရင်းနှင့် ပွဲစားကြေးကို မကုန်မချင်း လစဉ်ဆပ်ရမည့် သဘောတူညီမှုဖြင့် ဝင်ရောက်လာသည်ဟု ထိုအဖမ်းခံရသည့် အလုပ်သမားတစ်ဦးက ထပ်မံထွက်ဆိုခဲ့ပါတယ်။

ထို့နောက် သက်ဆိုင်အာဏာပိုင်များက ဖမ်းဆီးခံရသူအားလုံးကို ကိုဗစ်ရောဂါစစ်ဆေးရန်နှင့် ကွာရန်တင်း (၁၀) နေခိုင်းရန်အတွက် ချွန်ဖော်ခရိုင်၊ ထာ့စဲ့မြို့ရှိ ယိုင်ထိုင် အမှတ် (၄၁၄) နယ်ခြားစောင့်တပ်ထဲသို့ ပို့ဆောင်ခဲ့ပြီး တရားဉပဒေအရ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာရဲစခန်းသို့ ထပ်မံ တာဝန်လွှဲပြောင်းသွားမည်ဟု သိရပါတယ်။

#The #Migrant #Times #Myanmar #Illegalmigration #Illegalmigrantworkers #Thailand #Covid19TH

Source-MGROnline

Leave a comment