#https://www.facebook.com/MARTINSWEMARTIN
ဦးရဲထွဋ်ဆိုတာက ဦးသိန်းစိန်လက်ထက်က ပြန်ကြားရေးဝန်ကြီးဟောင်း။ ဒါကို လူတွေ သိကြပါတယ်။ မသိကြတာက ဦးရဲထွဋ်ရဲ့ အစွမ်းအစ။
စစ်တပ်က ခန့်အပ်လိုက်တဲ့ ပြန်ကြားရေး ဝန်ကြီးတွေထဲမှာ စစ်တပ်အရာရှိဟောင်း ဦးရဲထွဋ်က တကယ်ကို အစွမ်းအစ အရှိဆုံးပါ။ အင်္ဂလိပ်စာ ကောင်းမွန်သလို သတင်းသမားတွေနဲ့ ပုလဲနံပသင့်အောင် ပေါင်းတတ်တဲ့အပြင် ကိုယ်တိုင်လည်း စာရေးကောင်းသူတစ်ယောက်ပါ။
ဒီအချက်တွေကြောင့် ဦးရဲထွဋ်ကို အနောက်တိုင်းက သံတမန်တွေနဲ့ ပြည်တွင်း ဒီမိုကရက်တွေကပါ အလယ်အလတ်လမ်းစဉ် လိုက်သူ ၊ ပြုပြင်ပြောင်းလဲလိုသူအဖြစ် ရှုမြင်ကြပါတယ်။ ဦးသိန်းစိန်အစိုးရ တခန်းရပ်သွားတဲ့နောက်မှာ စင်ကာပူအမျိုးသားတက္ကသိုလ်မှာ သုတေသီအဖြစ် လေ့လာသင်ယူခွင့်ရခဲ့တဲ့အထိ ဦးရဲထွဋ်ဟာ အခွင့်အရေးသာခဲ့ပါတယ်။
တကယ်တမ်းမှာ ဦးရဲထွဋ်ဟာ ပြုပြင်ပြောင်းလဲလိုသူ ဟုတ်ပါရဲ့လား။ ဆန္ဒစွဲတွေနဲ့ တဖက်သတ် စောင်းမြောင်း မပြောဘဲ သူရေးခဲ့တဲ့ စာတွေကိုပဲ ပြန်သုံးသပ်ကြည့်ရအောင်ပါ။ လေ့လာကြည့်မိသလောက်တော့ ဦးရဲထွဋ်ရဲ့ စာဖတ်ပရိတ်တွေဟာ Elites နဲ့ Third Parties တွေ များပါတယ်။ ဒီဆောင်းပါးကို ဦးရဲထွဋ် ပရိတ်သတ်တွေ ပိုသိဖို့ဆိုရင် အင်္ဂလိပ်စာ များများညှပ်ရေး ၊ ပညာရှင်စကားလုံးတွေ များများထည့်သုံးပေးရမှာ ဖြစ်ပေမယ့် အခုကာလမှာ Elites တွေ ၊ Third Parties တွေက Game တခုရဲ့ အဆုံးအဖြတ် မဟုတ်တော့တာကြောင့် လူတန်းစား အားလုံး နားလည်လွယ်တဲ့ စကားလုံးတွေကိုပဲ သုံးစွဲချင်ပါတယ်။
မတ်လနှောင်းပိုင်းမှာ ဦးရဲထွဋ်အဖမ်းခံရတယ်လို့ သတင်းကြားလို့ လှမ်းမေးတဲ့ သတင်းထောက်အကြောင်းကို ဦးရဲထွဋ်က ပြန်ရေးပြီး ရယ်ပွဲဖွဲ့ပါတယ်။ ဖွဲ့မယ်ဆိုလည်း ဖွဲ့လောက်ပါတယ်။ ငါးတစ်ကောင် ရေနစ်သေသွားတယ်ဆိုတဲ့ သတင်းမျိုးဖြစ်နေတာကိုး။ မတ်လ ၂၆ ရက်နေ့မှာတော့ ဦးရဲထွဋ်ဟာ အနှေးယာဉ်ဆိုတဲ့ ဆောင်းပါးကို ရေးပါတယ်။ သူ့ပို့စ်ရဲ့ ကွန်မန့်တွေမှာ NLD ထောက်ခံသူတွေကပါ ထောက်ခံရေးသားလာတာကို တွေ့ရပါတယ်။ သူတို့ဘာသာ NLD ထောက်ခံတာက အရေးမကြီးပါဘူး။ ဦးရဲထွဋ် အရေးအသားထဲမှာ သူစီးခဲ့တဲ့ အနှေးယာဉ်မောင်းဟာ NLD ကို မဲပေးခဲ့တာပါလို့ ဦးရဲထွဋ်ကိုယ်တိုင်က ရေးသားခဲ့ပါရဲ့လားဆိုတာကို ဆန်းစစ်ရပါလိမ့်မယ်။
ဦးရဲထွဋ် ဇာတ်ကောင်ထားရေးတဲ့ အနှေးယာဉ်လုပ်သားရဲ့ ပြောစကားအဖြစ် ဦးရဲထွဋ်က အောက်ပါအတိုင်းပဲ ပုံဖော်ပြပါတယ်
“”ခဏနေတော့ “ အလကားပါဗျာ။ အဲဒီလူတွေက သူတို့ ပိုက်ဆံပေးပြီး လူခေါ်ရတိုင်း ကျန်တဲ့ လူတွေ ပိုက်ဆံရလို့ အလံထောင်တယ်ထင်နေတာ၊ ကျွန်တော် ဒီရပ်ကွက်ထဲနေတာ ဆယ် နှစ်ကျော်ပြီ၊ ဘယ်သူဘာလဲ ကောင်းကောင်းသိတယ်။” လို့ဆက်ပြောတယ်။ သူ့လေသံက ပြင်း လာတယ်။ ဆိုက်ကားဆရာက သူ့ ဒေါသတွေကို ခြေသလုံးထဲ ထည့်လိုက်ပုံရတယ်။ ဆိုက်ကား အရှိန်ပိုမြန်လာတယ်။ ဆိုက်ကားဆရာက အဲဒီလူတွေဟာ ဘယ်သူဆိုတာ မပြောဘူး။ ဒါပေမယ့် လောကမှာ မပြောပေမယ့် သိတဲ့ အရာတွေအများကြီးရှိတာပဲ။ လူထု စိတ်ကို မဖတ်နိုင်တဲ့ နိုင်ငံရေးသမား စာမေးပွဲကျတာ မဆန်းပါဘူး။ “
ဒါပဲ ရေးသွားတာပါ။ အနှေးယာဉ်ဆရာဟာ NLD ကို မဲပေးခဲ့တယ်ဆိုတဲ့ စကားလုံး ဆောင်းပါး တပုဒ်လုံးမှာ မပါခဲ့ပါဘူး။ NLD ပါတီ ထောက်ခံသူတွေကတော့ အနှေးယာဉ်တွေမှာ ခွပ်ဒေါင်းအလံ ထောင်တာနဲ့ ပတ်သက်တဲ့ ရေးသားချက်ကိုပဲ အရမ်းအားရ နှစ်ထောင်းအားရ ဖြစ်နေကြပုံပါပဲ။ ဦးရဲထွဋ်စာရေးပါးနပ်တာက အဲ့လောက်ထိပါ။
အဲ့ဒီ ဆောင်းပါး။ ဦးရဲထွဋ် အသုံးအရ Travelodge ရဲ့ အဆုံးသတ်အပိုင်းလေးမှာတော့ သူက အနှေးယာဉ်ဆရာကို ပြောခဲ့ဟန်နဲ့
“ဆိုက်ကားခပေးပြီးတော့ ဆိုက်ကားဆရာကို ၂၀၂၃ ရောက်ရင်ကော အလံတွေ၊ ထီးတွေ ပြန်ထောင်ဦးမှာလားလို့ မေးလိုက်တယ်။ ဆရာလေးက “ကိုယ်ကြိုက်တဲ့သူပါရင်တော့ လုပ် မှာပေါ့၊ မဟုတ်ရင်တော့ နေပူပဲခံတော့မယ်” လို့ ပြောပြီး ဆိုက်ကားကို သွက်သွက်လေးနင်း ရင်း ပြန်ထွက်သွားတယ်။ အနှေးယာဉ်ဆိုပေမယ့် သူ့အတိုင်းအတာနဲ့သူ မြန်တယ်၊ ခိုင်မာတယ်၊ ခရီးတစ်ခုကို ရောက်အောင် သွားနိုင်တယ်။ လေ ျှာ့တွက်လို့မရဘူး။ “
ဒီလို အဆုံးသတ်ခဲ့ပါတယ်။
“ဆိုက်ကားခပေးပြီးတော့ ဆိုက်ကားဆရာကို ၂၀၂၃ ရောက်ရင်ကော အလံတွေ၊ ထီးတွေ ပြန်ထောင်ဦးမှာလားလို့ မေးလိုက်တယ်။ ” ဆိုတဲ့ စာသားက ဦးရဲထွဋ် ဘယ်အခြေအနေကို တိမ်းညွှတ်နေတယ်ဆိုတာကို ဉာဏ်မျက်စိ ရှိရင် ရှုမြင်နိုင်ကြမယ်ထင်ပါတယ်။
ဦးရဲထွဋ် ဧပြီ ၁၈ ရက်နေ့မှာ ထပ်ရေးတဲ့ သူသတ်မှတ်တဲ့ Essay ဆိုတဲ့ စာစုလေးကလည်း သင်းလှတယ်။ ခေါင်းစဉ်က လှိုင်သာယာသူတဲ့။ အရင် ရေးဖူးတဲ့ အနှေးယာဉ်ဆိုတဲ့ စာစုလိုပဲ။ အခြေခံလူတန်းစားတစ်ယောက်နဲ့ သူနဲ့ အင်တာဗျူးတယ်ပေါ့။ ခွပ်ဒေါင်းအလံတွေ အိမ်ပေါက်စေ့ထောင်တာလည်း အရင်အတိုင်းပဲပါတယ်။ အလံထားရာနေရာက အနှေးယာဉ်ပေါ်နဲ့ အိမ်ပေါက်ဝပဲ ကွာတယ်။ ထားတော့။ အနီအုပ်စုအတွက် အားတက်စရာတွေ မြင်ကွင်း အခြေအနေတွေကို အရင် ရေးပြပြီးမှ ဦးရဲထွဋ်က ဘာဆက်ရေးလဲ ဆိုတော့
“နောက်တစ်ခါ ရွေးကောက်ပွဲ လုပ်ရင် မဲပေးဦးမှာလားလို့မေးတော့ ချက်ခြင်း မဖြေဘူး။ စဉ်း စား တယ်။ ပြီးတော့မှ ကျွန်တော့်ကို “ မဲမပေးရင် ဖမ်းလို့ရလား” လို့ပြန်မေးသဗျ။ “ ပေးချင်ပေး၊ မပေးချင်နေ၊ ခင်ဗျား အခွင့်အရေးပဲ။ ခင်ဗျားကို နှောင့်ယှက်တဲ့လူကိုတောင် အရေးယူလို့ ရတယ်။” လို့ဖြေလိုက်တော့ “အဲဒါမှတ်ထားရမယ်။” လို့ပြောတယ်။ ပြီးတော့ “ဆရာ၊ ကျွန်မ အလုပ်သွားလုပ်လိုက်ဦးမယ်။” ဆိုပြီး ထွက်သွားတယ်။ ” လို့ ရေးပါတယ်။
ပထမ အနှေးယာဉ်ဆိုတဲ့ ဆောင်းပါးမှာ ဦးရဲထွဋ်ဟာ ၂၀၂၃ ရွေးကောက်ပွဲလို့ ခုနှစ်အတိအကျ ထည့်ရေးတယ်။ နောက်စာစု “လှိုင်သာယာသူ” မှာတော့ ”နောက်တခါ ရွေးကောက်ပွဲ” လို့ပဲ ပါးပါးနပ်နပ် ထပ်သုံးတယ်။ ဒါတွေကို သတိထား ဖတ်ရှုခြင်းအားဖြင့် ဦးရဲထွဋ် ဆွဲဆောင်ခေါ်ရာ ရပ်ဝန်းကို မှန်းဆလို့ မရကြဘူးလား။ ဆန်းစစ်ကြည့်ကြဖို့ပါ။
လှိုင်သာယာသူ စာစုမှာ ရွေးကောက်ပွဲ လုပ်လည်း မဲမပေးဘဲ နေလို့ရတယ်ဆိုတဲ့ စကားလုံးကို ဦးရဲထွဋ်က ပစ်သွင်းခဲ့ပါတယ်။ ဒါဟာ ဘာကို အမှတ်ရစေလဲဆိုတော့ နာဂစ်မုန်တိုင်းနဲ့ ပြည်သူတွေ ဒုက္ခဝေနေချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထောက်ခံပွဲ မဲမပေးဘဲ နေလို့ရတယ်ဆိုတဲ့ ဆော်ဩခဲ့မှုမျိုးနဲ့ တူနေပါတယ်။ ဘယ်လိုပဲ ဆော်ဩခဲ့ကြသည်ဖြစ်စေ၊ ဘယ်လိုပဲ ပြည်သူအများစုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို မဲမပေးခဲ့ကြသည်ဖြစ်စေ နအဖက မဲလာပေးသူတချို့ကို ပြညွှန်းပြီး အတည်ပြုခဲ့တာပါပဲ။ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံ ဆန္ဒမဲပေး၍ အတည်ပြုလိုက်သည်လို့ ကြေညာခဲ့တာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ တကယ်တမ်း နိုင်ငံတဝှမ်းနေထိုင်သူဦးရေ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်မှာ ကောက်ယူတဲ့အခါ ၅၁.၃ သန်းရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံထောက်ခံပွဲအတွက် လူဦးရေစာရင်း ကြေညာစဉ်က ၅၇.၃၇ သန်းရှိတယ်လို့ နအဖက ပြောခဲ့တာပါ။ ဒါဟာ နိုင်ငံတိုင်းဖြစ်မြဲ ဓမ္မတာဖြစ်တဲ့ လူဦးရေဟာ တိုးလာရမယ့်အစား ၆ သန်းကျော် လျော့နည်းနေလို့ နိုင်ငံတကာအလယ်မှာ ဝေဖန်ထောက်ပြစရာဖြစ်ခဲ့ပြီး စစ်ခေါင်းဆောင်တွေ အရှက် ကွဲကြရတဲ့အဖြစ်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။
ဦးရဲထွဋ်ကလည်း အလယ်အလတ်လမ်းစဉ်သမားဟန်နဲ့ စကစရဲ့ ရွေးကောက်ပွဲကို Boycott လုပ်လို့ရပါသေးတယ်လို့ Elites တွေနဲ့ Third Parties တွေကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားနေတာကို သူ့စာတွေကို သေချာဂဏ ဖတ်ရှု စေ့ငုကြည့်ရင် တွေ့မြင်ကြရပါလိမ့်မယ်။
လူတန်းစားမရွေး နားလည်အောင် ပြောရရင် ကိုယ့်လူထောင်တဲ့ ဖဲဝိုင်းမှာ အိမ်စေ့ ပါဝင်ကြောင်း နိုင်ငံတကာကို သက်သေပြနိုင်ဖို့ ဖဲဆွယ်တစ်ယောက်ရဲ့ ဆွယ်မှုမျိုးပါပဲ။ ဖဲလဲ၊ ဖဲလိမ်တာက နောက်တပိုင်း ။ အိမ်စေ့သွားဖို့က အရင်အရေးကြီးတာမို့လားဆိုတဲ့ ဖဲဆွယ်တစ်ယောက်ရဲ့ တွေးလုံးမျိုးနဲ့ ရေးသားပြောဆိုနေတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မွန်ပြည်နယ်က Live လွှင့်ပြီး စကစ ထောက်ခံကြောင်း ပြောနေတဲ့ ဦးစိုးသန်းနိုင်ဆိုတဲ့သူ သေနတ်နဲ့ အပစ်ခံရသတဲ့။ တကယ်တော့ ဦးစိုးသန်းနိုင်ဟာ ပြည်သူ့ရန်သူဆိုရင်တောင် ရန်သူစစ်စစ်လို နေရဲခဲ့တဲ့ သတ္တိရှိသူလို့ ပြောရမှာပါ။
ကဗျာဆရာ မောင်ချောနွယ်ကတော့ “ဘဝမှာ လေးငါးခြောက်ခုမလိုဘူး၊ မိတ်ဆွေ စစ်စစ်နဲ့ ရန်သူစစ်စစ်ပဲလိုတယ်” လို့ ပြောသွားခဲ့ဖူးပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ဟာ ဘာလဲ ၊ ဘယ်လဲဆိုတာကိုတော့ ဦးရဲထွဋ်စာဖတ်ပရိတ်သတ် ရေပေါ်ဆီ (Elites) နဲ့ ခြံစည်းရိုးခွထိုင် (Third Parties) တွေက ကိုယ့်ကိုယ်ကို ပြန်မေးကြခြင်းသည်သာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
~~~~~~~~~~
မင်းစစ်အောင်
ငွေမောင်းသံ မီဒီယာ
