ကရင်အမျိုးသားအစည်းအရုံးက ပထမဆုံးအကြိမ်အဖြစ်နဲ့ ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ နယ်မြေ ၅ခုကို ထုတ်ပြန်
ဧပြီ ၁၈ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုမြေယာကော်မတီက ကရင့်သမိုင်းမှာ ပထမဆုံးအဖြစ်နဲ့ ဌာနေ ကရင်လူမျိုးစုတွေရဲ့ ကိုယ်တိုင်စီမံခန့်ခွဲနိုင် တဲ့ ဒေသအခေါ် “ကော်” နယ်မြေ ၅ ခုကို ဧပြီ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီတိုးချဲ့လိုက်တဲ့ နယ်မြေ ၅ ခုကို တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကော်သေးဒဲအုပ်စု၊ မော်သေးဒဲကျေးရွာက သောသီတောအူးဌာနေတိုင်းရင်းသားများဥယျာဉ်မှာ တရားဝင်အသိအမှတ်ပြုလက်မှတ်ပေးအပ်ခဲ့တာပါ။
KNU ခရိုင်နယ်မြေနှစ်ခုဖြစ်တဲ့ တောင်ငူခရိုင်အတွင်းမှ ခိုဘွယ်ဒဲကော်၊ မွီးလိုဃဲဒဲကော၊ ကော်ယော်မူ ပယ် ၊ ကော်မူလားဟေးနဲ့ မူတြော်(ဖာပွန်) ခရိုင်အတွင်းမှ ကော်သေဂူ စတဲ့ ကော်နယ်မြေ ၅ခုကို ကေအဲန်ယူရဲ့ အသိအမှတ်ပြုမှုနဲ့ တရားဝင် ပိုင်ဆိုင်စီမံခန့်ခွဲခွင့်လက်မှတ်ကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ ကေအိုင်စီသတင်းဌာန က ဖော်ပြထားပါတယ်။
“ကော်” ပိုင်ဆိုင်စီမံခန့်ခွဲခွင့် အသိအမှတ်ပြုလက်မှတ် အပ်နှံပေးအပ်ခြင်းက ကရင့်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းလက်မှတ်ပေးအပ်ရခြင်းမှာလည်း ကရင်ဌာနေလူမျိုးစုတွေရဲ့ ဘိုးစဉ် ဘောင်ဆက် စီမံခန့်ခွဲ အသုံးပြုလာခဲ့တဲ့ ဘိုးဘွားမြေပေါ်မှာ ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တည်ဆောက်ရေးဆိုတဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းအကောင်အထည်ဖော်သွားရန်အတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဒီနေ့ပြုလုပ်တဲ့ ပြည် ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်တွေက နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းအထိ စိုးမိုးထားနိုင်ပြီး စစ်ကောင်စီရဲ့ ထိန်း ချုပ်နယ်မြေက တစ်နိုင်ငံလုံးမှာ တစ်ဝက်စွန်းစွန်းလောက်ပဲ ကျန်ရှိတော့တယ်လို့ ပြောကြားထားတာ တွေ့ရ ပါတယ်။
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

