မဲဆောက်မြို့ မဲတောင်ရပ်ကွက်ရှိ စက်ရုံ တစ်ရုံမှအလုပ်ထုတ်ခံရသည့်အလုပ်သမား ၁၁၅ဦးအား အကြောင်းမဲ့အလုပ်ထုတ်မှု့အတွက် နစ်နာကြေး ၁,၁၈၆,၄၀၉.၅၇ ဘတ်ရရှိ အောင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့။


၈ ဧပြီ ၂၀၂၂
အမှုနံပါတ်၂၃၀ -၃၄၄ /၂၅၆၁
အမှုအဆင့်အနီ အမှတ် ရ -၁၉- ရ. ၁၃၃ /၂၅၆၂

====================================
ထိုင်းနိုင်ငံ တာခ်ခရိုင် မဲဆောက်မြို့ မဲတောင်ရပ်ကွက်တွင်ရှိသော စက်ရုံတစ်ရုံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၁၅ ဦးတို့သည် လွန်ခဲ့သော ၂၅၆၁ ခုနှစ်တွင် အခြေ‌ခံအနိမ့်ဆုံးလုပ်အားမရကြသဖြင့် လုပ်ငန်းပြုပြင်ပြောင်းလဲရေးနှင့် အလုပ်ရှင်အလုပ်သမား နှစ်ဦး နှစ်ဖက် အဆင်ပြေစေရန် ရရှိနေသည့်လုပ်အားခအပြင် လုပ်အားခ ၂၀ ဘတ်တိုးပေးရန် တောင်းဆိုမှုပြုလုပ်ရာမှ အစပြု၍ အလုပ်ထုတ်ခံရခဲ့သည်။

အလုပ်ရှင်မှ နစ်နာကြေး မပေးသဖြင့် အလုပ်သမားများက မဲဆောက်မြို့ မဲတောင်ရပ်ကွက် တွင်ရှိသော ရခိုင်အလုပ်သမားများအဖွဲ့ AWO /MAP Foundation /HRDF/LLC နှင့်တိုင်ကြပြီး ထိုအဖွဲ့အစည်းများ၏ဝိုင်း၀န်းကူညီပေးမှုဖြင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဆဝါဒီကန်ရုံးတွင်အမှုဖွင့်တိုင်ကြားခဲ့သည်။

အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဆဝါဒီကန်မှအလုပ်သမား ၁၁၅ဦးအား အကြောင်းမဲ့ အလုပ်မှထုတ်ပယ်မှအတွက် အလုပ်ထုတ်နစ်နာကြေး ကြိုတင် အကြောင်းမကြားခနှင့် လုပ်အားခအပြည့်အ၀ ပေးချေမှုမပြုခဲ့သည့် အတွက် နစ်နာကြေးစုစု‌ပေါင်း ၁၁ သန်းကျော်ပေးရန် အမိန့်ချမှတ်ခဲ့သည်။

ထိုသို့အမိန့်ချမှတ်သည်ကို အလုပ်ရှင်က မပေးလိုသဖြင့် တရားရုံးတွင် ၃ နှစ်ကျော် ဆက်လက်အမှုရင်ဆိုင်ခဲ့ကြပြီးအလုပ်ရှင်၏ ပိုင်ဆိုင်မှုကို သိမ်းဆည်းကာ ရာဖြတ်အဖွဲ့(လေလံ)ရုံးတွင် ဈေးဖြတ်ရောင်းချရာတွင် ၉ သန်း‌ကျော်ရရှိခဲ့သည်။

သို့သော် အလုပ်ရှင်သည် ဘဏ်တွင် ချေးငွေများ ထုတ်ယူထားခြင်းနှင့် အလုပ်သမားတို့ သိမ်းယူ‌လေလံရောင်းချသည့်အလုပ်ရှင်၏ ပိုင်ဆိုင်မှုသည် ဘဏ်တွင်ပေါင်နှံထားသည့်ပစ္စည်းဖြစ်သဖြင့်ဤ အမှုတွဲတွင် ဘဏ်ကအကြွေးရှင်အဖြစ် တွဲဖက်ပါ၀င်လာခဲ့သည့်အတွက် တရားဥပဒေအရ ပထမ အကြွေးရှင်ဖြစ်သော ဘဏ်က ၎င်းတို့ရသင့်ရထိုက်သည်ကို အရင်နှုတ်ယူခွင့်ရရှိထားသဖြင့် အလုပ်သမားများအတွက် ကျန်ငွေအဖြစ်သာ လက်ခံရကြရသည်။

ယနေ့ တာခ်ခရိုင် မဲဆောက်အလုပ်သမားကာကွယ်‌စောင့်ရှောက်ရေး
မဲဆောက်ရုံးခွဲ တွင် အမှုစတင်ဖြစ်ပွားသည်မှ လိုအပ်သလို ကူညီဆောင်ရွက် ပေးခဲ့သည့် အဖွဲ့အစည်းများဖြစ်ကြသည့် ဖွဲ့အစည်းများဖြစ်ကြသည့် AWO-HRDF LLC /MAP foundation တို့နှင့်အတူ နစ်နာသူ အလုပ်သမား ၁၁၅ ဦးထဲမှ ၅၇ ဦးတို့သည်မိမိတို့
ရရှိသည့် နစ်နာကြေး ၁,၁၈၆,၄၀၉.၅၇ ဘတ်လာရောက်ထုတ်ယူကြသည်။

အလုပ်သမားအချို့သည် မိမိတို့လက်ရှိလုပ်ကိုင်နေကြသည့်အလုပ်မှ ခွင့်ယူမရသဖြင့်လာရောက်ထုတ်ယူနိုင်ခြင်းမရှိပေမယ့် အလုပ်သမားကွယ်စောင့်ရှောက်ရေးရုံး တာ၀န်ရှိသူတို့မှအလုပ်သမားများ လုပ်ကိုင်နေကြသည့် စက်ရုံထဲသို့ သွားရောက်၍ ထိုအလုပ်သမားများရသင့် ရထိုက်သည်များ သွားရောက်ပေးချေခဲ့ကြသည်။

မှတ်ချက်// မလျှော့သောဇွဲဖြင့် တရားရင်ဆိုင်ခဲ့ကြသည့် အလုပ်သမားများနှင့်အပြန်အလှန်ယုံကြည်မှုဖြင့် ပူးပေါင်းပါ၀င်၍ မိမိတို့ရသင့်သည့်ငွေကြေးထက် မိမိတို့အလုပ်သမားများအပေါ်
မတရားသဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်နေမှုကို ခေါင်းငုံ့ခံနေမည်မဟုတ်ကြောင်းနှင့် အခွင့်အရေးရဖို့ တိုက်ပွဲ၀င်‌တောင်းဆိုရကြောင်း စံပြအဖြစ် မှတ်တမ်းတင်ပြရင်း ဤအမှုဖြစ်ပွားသည့်နေမှစ၍ အလုပ်သမားများကို လိုအပ်သလို နိုင်သည့်ဖက်က ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်တစ်ဦးခြင်းစီအလိုက် ကျွန်ုပ်တို့ Labor Law Clinic Mae Sot @ LLC မှ ကျေးဇူးတင်ရှိပါသည်။

#Cardit คลินิกกฎหมายแรงงานแม่สอดLLC

ဤသတင်းကို AWO မှပေးပို့လာသည်။

Leave a comment