မှုန်ရှိဝိုးတဝါးဖြင့် အလင်းအားကမသန်သေးပေမယ့် သံလွင်မြစ်ကမ်းနံဘေးက ရွာကြီး ရွာငယ်က မနုဿလူသားများသည် သံလွင်မြစ်ကို အမှီပြုလို့ ဝမ်းစာရှာနေသူ ကိုတံငါကတော့ လှေငယ်လေးနှင့် စောစီးစွာ မြစ်ထဲ လှုပ်ရှားနေသလို တစ်ဖက်ကမ်းသို့ သယ်ယူပို့ဆောင်ပေးသည့် ကူးတို့သမားများသည်လည်း ဘယ်သွား ဘယ်လာမယ်ဆိုပြီးအော်ခေါ်သံများကြသည်။

အချိန်ကားနံနက် ၆.၃၀ နာရီခွဲပင်ရှိသေး ထိုခေါ်သံများကြားမှ ကျွန်တော်တို့ကို လာရောက်ကြိုဆိုသူက လွန်ခဲ့သည့် ၁၀ နှစ်ခန့် အတူတကွနေထိုင်ခဲ့သည့် ကလေးငယ်လေးတစ်ဦးသည် မောင်စောသစ်လသည် ယခုချိန်မှာတော့ လူပျိုဖားကြီးပင်ဖြစ်နေလို့ မမှတ်မိတော့သဖြင့် ကျွန်တော်နှင့်အတူပါလာသည့် ငယ်သူငယ်ချင်းတစ်ဦးဖြစ်သူ မစံပယ်မှ လှမ်း၍ နှုတ်ဆက်ကာ မောင်စောသစ်လ စက်လှေငယ်ကလေးဖြင့် ရွှေဂွန်းလေဆိပ်မှတဆင့် သံလွင်မြစ်ကိုဆန်တက်ကာ ဝန်ပြန်(ဝဲပျံ)တောင်ခြေသို့ ခရီးနှင်လာခဲ့ကြသည်။ ကျွန်တော်နှင့်အတူ လိုက်ပါပို့ဆောင်ပေးသော သူငယ်ချင်း မစံပယ်နှင့် ကျွန်တော့်ရဲ့ အိမ်တွင်း အတွင်းရေးမှုးအပါဝင်ကျွန်တော့်ရဲ့ကိုယ်ပွားတစ်ဦးလည်းပါဝင်ပါတယ်။ထိုစက်လှေပေါ်မှာ ဘယ်သူတွေ ဘယ်လိုတွေးနေကြသည်ကိုတော့ ကျွန်တော်မပြောလို သေချာတာကတော့ အတွေးခြင်းမတူနိုင်ပါ ကျွန်တော့်အတွေးသည်ကား…….
ဒီသံလွင်ကို အမှီပြုပြီး နေထိုင် လုပ်ကိုင်ကြသည့် ရွာကြီး ရွာငယ်က လူအများစုသည် သံလွင်ဘယ်ကစပြီး ဘယ်မှာဆုံးတယ်ဆိုတာ သတိထားကြသူ ရှိကောင်းရှိပေမယ့် နည်းပါးလိမ့်မည်ဟုတော့ထင်သည်။
သံလွင်မြစ်ဟာ ရှမ်းပြည်နယ်မှာ အကြီးဆုံးမြစ်ဖြစ်သည့်အပြင် ကမ္ဘာပေါ်မှာ ရေစီးအသန်ဆုံးမြစ်၊ အလှပဆုံးမြစ်တစ်ခုဖြစ်တယ်ဟုဆိုကြတယ်။ အထူးသဖြင့် ကရင်ပြည်နယ်ကိုရောက်ရှိလာသောသံလွင်မြစ်သည် ဒေါနတောင်တန်းနှင့် ဝဲပျံ(ဝန်ပြန်)တောင် ဇွဲကပင်တောင် တို့နှင့်နီးစပ်ခြင်းကြောင့် အနုပညာရှင်များကတော့ သံလွင်မြစ်ကို အကြောင်းပြုပြီး တေးသီချင်းတွေ ရေးဖွဲ့သီကုံးကြတာယနေ့ထိပါ။
သံလွင်မြစ်ဟာ တိဗက်ပြည်အရှေ့ဘက် ဒန်ကလာ ရေခဲတောင်ကနေ မြစ်ဖျားခံခဲ့ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ ရောက်သွားတယ်။
ယူနန်ပြည်နယ်မှတဆင့် တသွင်သွင်စီးဆင်းကာ မြန်မာနိုင်ငံထဲကို ဝင်လာချိန်မှာတော့ သံလွင်မြစ်ဟာ မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းပြီး ထိုင်းမြန်မာနယ်နိမိတ်ခြင်းထိစပ်သော ဘန့်စမိုးကနေတဆင့် ကရင်ပြည်နယ်ထဲကိုရောက်ရှိလာပြီးနောက် မွန်ပြည်နယ် မုတ္တမပင်လယ်ကွေ့ထဲ ၀င်သွားတဲ့အချိန် မြစ်နှစ်ခြမ်းကွဲသွားပြီး ဘီလူးကျွန်းရဲ့ မြောက်ဘက်ကိုစီးသွားတဲ့မြစ်ကို နမ့်တိန်မြစ်အဖြစ်လည်းကောင်း၊ ဘီလူးကျွန်းတောင်ဘက် ကိုစီးသွားတဲ့အပိုင်းကတော့ မော်လမြိုင်မြစ်လို့ ခေါ်တယ်။နမ့်တိန်မြစ်အတွင်း လှေငယ်များ ဖောင်များသာ သွားလာနိုင်ပေမယ့် မော်လမြိုင်မြစ်အတွင်းတော့ ပင်လယ်ကူးသင်္ဘောများ မော်လမြိုင်မြို့အထိ ၀င်ထွက်သွားလာနိုင်တယ်။ သံလွင်မြစ်ရေကြောင်းလမ်းကတော့ မိုင် (၁၀၀)နီးပါးလောက်ပဲအသုံးပြုနိုင်သည်ဟုသမိုင်းအရဆိုပါတယ်။
တွေးတောရင်းဖြင့် ဝဲပျံ တောင်ခြေရှိ ကြို့ပင်ဆိပ်ရွာသို့ ချောမွေ့စွာဖြင့် စက်လှေခရီး ဆုံးသဖြင့် လှေပေါ်မှဆင်းလာကြသည်။

ဝဲပျံတောင်
ယခုတင်ပြလိုတာက ကရင်ပြည်နယ်ရှိ သံလွင်မြစ်၏ အနောက်ဘက်ကမ်းသို့ ခရီးတင်ပြလိုသဖြင့် သံလွင်မြစ် အကြောင်းကိုတော့ ဒီနေရာမှာတင် အဆုံးသတ်လိုက်တော့မည်။
မောင်စောသစ်လ အိမ်တွင် ငယ်စဉ်က ရိုက်ယူထားသည့်ဓါတ်ပုံတွေ အိမ်နံရံတွင်ချိတ်ဆွဲထားသဖြင့် လိုက်လံကြည့်ရှု့ရင်း မောင်စောသစ်လ သည် ဘယ်သူဘယ်ဝါဖြစ်သည်ကို ပြန်လည်မြင်ယောင်ခြင်း မှတ်မိစပြုလာခဲ့သည်။
မောင်စောသစ်လ အိမ်တွင်ခေတ္တ အနားယူပြီးနောက် နံနက် ၉ နာရီအချိန်တွင် မောင်စောသစ်လ၏အစ်မ အိမ်တွင် နံနက်စာထမင်းဖြင့်ဧည့်ခံကျွေးမွေးသည်။
ထိုဝဲပျံတောင်ခြေရှိ ရွာကြီးရွာငယ်တို့သည် ယခင်နှစ်များကလိုမဟုတ်တော့ပဲ တိုးတက်ပြောင်းလဲလာခြင်းကြောင့် ကတ္တရာလမ်းဖောက်လုပ်ထားခြင်းကြောင့် တစ်ရွာနှင့်တစ်နေရာ လွယ်လင့်တကူ သွားလာခွင့်ရပြီး လယ်တွင်းများကို ဖြတ်ကာ မူလတန်းကျောင်းမှ အလယ်တန်းကျောင်းထိ တိုးချဲ့ဆောက်လုပ်ထားသည်ကိုလည်းမြင်တွေ့ခဲ့ရသည်။ထိုနောက် မောင်စောသစ်လ မိမိတို့သွားလိုရာကို လိုက်ပါပို့ဆောင်ပေးမည်ဟု ဆိုသဖြင့် ဘုရင့်ကြီးဂူ(ဘုရင်ဂျီဂူ)ဘုရင်ညီနောင်ဂူ အစရှိသည့် နာမည်ဖြင့် နာမည်ကြီးကာ ဝဲပျံတောင်နှင့်အပြိုင် ပြည်တွင်းပြည်ပ ဧည့်သည်များကို ဆွဲဆောင်သည့်သဖြင့် သွားလာလည်ပတ်သူများပြားလျှက်ရှိသည့် ဘုရင်ညီနောင်ဂူသို့ သွားဖို့ဆုံးဖြတ်လိုက်ကြပြီး ကားတစ်စီးငှားကာ အတူတကွ သွားရောက်လည်ပတ်ကြသည်။
ဘုရင်ညီနောင်ဂူသို့ မရောက်မီ လမ်းခုလတ်တွင် ကားဘီးပေါက်သဖြင့် ခေတ္တအနားယူကြပြီး လမ်းဘေးဝဲယာသို့ လိုက်လံကြည့်ရှု့သောအခါ မျက်စိတစ်ဆုံး စိမ်းလန်းသော ရွှေဖြူပင်(ရာဘာ)ပင်များသည် တောင်တန်းတစ်ခုလုံးကို အုပ်စိုးထားလျှက်ရှိသည်။
နံနက် ၁၀ နာရီချိန်တွင် ကားသမားမှ နံနက်စာစားသောက်သဖြင့် ဆိုင်တစ်ဆိုင်တွင်ခေတ္တနားကြပြန်သည် ၁၁ နာရီချိန်တွင် ခရီးပြန်ဆက်သဖြင့် ၁၀ မိနစ်ခန့်ခရီးနှင်လိုက်သည့်နှင်ဘုရင်ညီနောင်ဂူသို့ ရောက်ရှိသွားခဲ့ပြီး ပြည်တွင်းပြည်ပ လာရောက်လည်ပတ်သည့် ခရီးသည်များကို မြင်တွေ့ရသလို ကရင့်ရိုးရာအဝတ်အစားများ စုံလင်သောအရောင်များဖြင့်ရောင်းသူ ဝယ်သူများကျိတ်ကျိတ်တိုးနေကြပြီး ဘက်စုံမွမ်းမံပြုပြင်ရေးအတွက် အလှူခံမဏ္ဍပ်မှ ဆုတောင်းမေတ္တာပို့သသံများလည်း ကြားသိရသဖြင့် လာရောက်လည်ပတ်သည့် ဧည့်သည်များအားစိတ်နှလုံးကို အထူးပင်အေးချမ်းစေပါသည်။
တောင်ခြေတွင် သဘာဝဘေးမဲ့ လွှတ်ထားသော မျောက်များလည်းယဉ်ပါးစွာအနှောက်ယှက်မရှိ ပကတိ ကြိုဆိုလျှက်ရှိကြသည့်အတွက် အချို့သောသူများက ဝယ်ယူလာသည့်မုန့်များအား မျောက်ကိုကျွေးမွေးကြသည်။ အမြင့်ပေ၄၀၀ရှိတဲ့ ဘုရင်ညီတောင်သည် သံလွင်မြစ်နှင့် ဒုံသမိမြစ်ကြားမှာ ရှိသည့်အပြင် မိုးအခါများတွင် တောင်ခြေမှာ ရေကြီးတက်သဖြင့် လှေ များလည်းထားရှိသည်ကိုတွေ့ရှိခဲ့ရသည် ။ ထိုသို့ရေပြင်ကြီးချိန်တွင်ဆိုလျှင် လှေလှော်ပြီး သွားရောက်လည်ပတ်မယ်ဆိုရင် ဘယ်၍ ဘယ်မျှ တစ်မျိုးတဖုံ အမြင်ဆန်းသစ်လှပပေလိမ့်မည်နည်း။
ဂူနာမည် အဆင့်ဆင့် ပြောင်းလဲလာပုံ သမိုင်းအကျဉ်းချုပ်ရကား…


ရှေးအခါက “မဟာပါသာဏရတနာလိုဏ်ဂူ” လို့ အမည်နာမ ရှိခဲ့ဖူးတယ်။ ထိုမှတဖန် မဟိံသရာဇာဘုရင်ကြီးမှ လိုဏ်ဂူအတွင်း တရားအားထုတ်ပြီး စေတီ၊ ပုထိုးများ ပြုပြင်မွမ်းမံခဲ့ရာမှ “ဘုရင်ကြီးဂူ” ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။ နောက်တော့ သထုံမှ ဘုရင့်သားတော် မင်းသားနှစ်ပါ ထွက်ပြေးလာပြီး ဘုရင်ကြီးဂူမှာ ပုန်းအောင်းရင်း တရားအားထုတ်နေထိုင်ရာမှ “ဘုရင်ညီနောင်ဂူ” ဟု လည်းကောင်း၊ များမကြာမီ မင်းသားနှစ်ပါးမှ အကိုကြီးဖြစ်သူ ကွပ်မျက်ခံရပြီး ညီငယ်မင်းသားသာ ဆက်လက်နေထိုင်ခဲ့တဲ့အတွက် “ဘုရင်ညီဂူ” ဟုလည်းကောင်း ပြောင်းခေါ်ခဲ့ကြသည်။ ဘုရင်ညီဂူကို ပိုးကရင်ဘာသာဖြင့် “ထန်အွာ” ဟုလည်းကောင်း၊ မွန်ဘာသာဖြင့် “ပေါက်ဂေး” ဟုလည်းကောင်း ခေါ်ကြသည်။ “ဗျိုင်းငှက်များ ခိုးအောင်းရာဂူ” လို့ အဓိပ္ပာယ်ရကြောင်း သိရပါတယ်။ ဘုရင်ညီဂူတောင်ခြေမှာ ရေပူစမ်းထွက်ပေါက်နဲ့ ရေအေးစမ်းထွက်ပေါက် ဆိုပြီး အသီးသီးရှိသည်။ ရေထွက်ပေါက်နှစ်ခုက ထွက်လာတဲ့ ရေပူစမ်းနှင့် ရေအေးစမ်းတွေဟာ တစ်ခုနဲ့တစ်ခု ရောနှောမသွားဘဲ သတ်သတ်စီ စီးဆင်းလို့နေတယ်။ ရေထွက်ပေါက်ကို ကြည့်ဖို့က သိပ်တော့မလွယ်လောက်တော့ဘူး။ သိမ်တည်ဆောက်ထားတဲ့ကျောက်ဆောင်နှင့် တောင်ခြေမှာရှိတဲ့ကျောက်ဆောင် ကြားမှာ တံတားငယ်လေးတစ်စင်းရှိတယ်။ ရေထွက်ပေါက်က တံတားငယ်ရဲ့အောက်ခြေက ကျောက်ဆောင်တွေကြားထဲမှာ ရှိတာပါ။ ပြုပြင်ထိမ်းသိမ်းမှုတွေ လုပ်ပြီးနောက်ပိုင်းမှာ တောင်ခြေကျောက်ဆောင် အနီးက ရေပူကို သံဃာတွေချိုးရန်၊ တောင်ဘက်အခြမ်းက စီးထွက်လာတဲ့ ရေပူကို အမျိုးသားများချိုးရန် သတ်မှတ်လိုက်ကြသည်။ အမျိုးသမီးတွေ ရေပူချိုးနိုင်ရန်အတွက် ရေကန်တစ်ခုဆောက်ပြီး ရေပူတွေကို စက်နဲ့စုပ်ပြီး ရေကန်ထဲကိုထည့်ပေးထားလိုက်တယ်။ ရေကန်ပတ်လည်ကို ကွန်ကရစ်တံတိုင်းတွေနဲ့ ကာထားလိုက်တော့ အမျိုးသမီးတွေ အဆင်ပြေပြေ အဝတ်လဲနိုင်တာတော့ ကောင်းပါတယ်လေ။ တောင်ခြေကနေ အုတ်လှေကားလေးအတိုင်း တက်သွားရင် တောင်ခါးပန်းလောက်အရောက်မှာ ဂူအဝ ပေ၄၀၊ ဂူအရှည် တစ်ဖာလုံလောက် ရှိတဲ့ ဘုရင်ညီဂူကို တွေ့နိုင်ပါပြီ။ ဂူအဝမှာ နှစ်ကျိပ်ရှစ်ဆူဆင်းတုတော်တွေ တည်ထားသလို နံရံတွေမှာ ရှေးဟောင်းအုတ်ခွက်ဘုရားတွေ အနည်းအကျဉ်း တွေ့နိုင်ပါသေးတယ်။ ဂူအတွင်းမှာ မဟိံသရာဇာဘုရင်ကြီး တည်ထားခဲ့တဲ့ ရှေးဟောင်းစေတီတစ်ဆူကိုလည်း ဖူးမျှော်ရမှာပါ။ထုံးကျောက်လိုဏ်ဂူအတွင်းထဲ ဆက်သွားရင် ကျောက်စက်ပန်းစွဲတွေ၊စိန်ကဲ့သို့ အရောင်တဖြတ်ဖြတ်တောက်နေတဲ့ ကျောက်တောင်တွေ၊ မိုးမျှော်ကျောက်တိုင်တွေနဲ့ အဆန်းတကြယ် ရှိတာကို တွေ့ပါလိမ့်မယ်။အချိန်ဘယ်၍ဘယ်မျှကဆိုပြီး တိတိပပ မပြောနိုင်တဲ့ ရှေးအခါက လိုဏ်ဂူတည်ရာ တောင်ပတ်လည်မှာ သိုက်ဝင် ဆေးဖက်ဝင် ဂမုန်း၊ ခတ္တာ၊ ပန်းမျိုးစုံ အဖြာဖြာ ပွင့်လန်းလို့နေတာကတစ်ကြောင်း၊ လိုဏ်ဂူအတွင်းမှာ အဖိုးတန်ကျောက်မျက်ရတနာများ ရှိခဲ့တာကတစ်ကြောင်း၊ တောင်ထွတ် တောင်စွယ် တောင်ခါးပန်းတို့မှာ စေတီ ပုထိုးများ တည်းထားခဲ့တာကတစ်ကြောင်း၊ အင်းကြီးအင်းငယ် အသွယ်သွယ် ရှိတာကတစ်ကြောင်း စတာတွေကြောင့် မဟာပါသာဏရတနာလိုဏ်ဂူလို့ ခေါ်ခဲ့ကြသည်။ ဘုရင်ကြီးဂူ
ဂူအဝင်မှ ဖူးမြင်နိုင်သော ရုပ်ပွားတော်များ နှင့်ကျွန်တော်

ဂူအဆုံးတွင်ဖူးမြင်နိုင်သော ရုပ်ပွားတော်နှင့်စေတီငယ်
ရှေးအခါက လိုဏ်ဂူရဲ့ အနောက်မြောက်ဘက် သုံးမိုင်ခန့်အကွာမှာ ကွမ်ပနန်ဆိုတဲ့ မြို့လေးတစ်မြို့ ရှိခဲ့ဖူးတယ်။ မြို့ကို စိုးစံသူကတော့ မဟိံသရာဇာမင်းကြီး ဖြစ်တော့တယ်။ မင်းကြီးရဲ့ ဝါသနာတစ်ခုကတော့ ကျွဲတွေကို အမြောက်အမြား မွေးမြူရတာကိုပဲ။ မင်းကြီးရဲ့ကျွဲတွေဟာ ရွာသူရွာသားတွေ စိုက်ပျိုးထားတဲ့ ယာခင်းတွေထဲက သီးနှံတွေကို ဝင်ရောက်စားသောက် ဖျက်စီးလေ့ရှိသည်။ ကျွဲထိန်းများကလည်း ကျွဲအုပ်ကို နိုင်နင်းအောင် မထိန်းနိုင်တော့ကာ ရွာသူရွာသားများ ဒုက္ခများကြတာပေါ့။ သည်းမခံနိုင်တဲ့အဆုံး ရွာသူရွာသားများ စုဝေးပြီး မင်းကြီးအား လာရောက်တိုင်ကြားကုန်တော့တယ်။ ဘုရင်ကြီးက ကျွဲမွေးတဲ့ ဝါသနာကိုလည်း မစွန့်လွှတ်နိုင်၊ ရွာသူရွာသားတွေ ဒုက္ခကိုလည်း မကြည့်ရက်လေတော့ ကျွဲထိန်းကောင်းတစ်ယောက် အလိုရှိကြောင်း မြို့ရွာအနှံ့ မောင်းထုပြီး လိုက်ရှာစေသည်။ မောင်းခတ်ရှာဖွေလာလိုက်ကြတာ စပါးလှမ်းတောင် အမည်ရှိရွာလေးကို ရောက်လာကြတယ်။ ရွာထဲမှာ တောင်ယာစိုက်ပျိုးလုပ်ကိုင်တဲ့ မိဘမဲ့ လုလင်ပျိုတစ်ယောက်က သည်သတင်းကို ကြားတော့ စိတ်ဝင်စားပြီး ဘုရင့်ကျွဲထိန်းရာထူး ဝင်လျှောက်တယ်။ သူ့မှာ ထူးဆန်းတဲ့ ပြဒါးရှင်လုံးတစ်လုံးရှိတာကိုး။ ပြဒါးရှင်လုံးရဲ့အစွမ်းက တိရိစ္ဆာန်တွေရဲ့ အပြောအဆို အမူအကျင့်တွေကို အလိုအလျောက် သိစေတယ်။ ပြဒါးရှင်လုံးရပုံက နဂါးကို ဂဠုန် ဖမ်းရာက စတာပဲ။ လယ်သမားလုလင်ပျိုလက်ထဲကို ဘယ်ကရောက်လာမှန်းမသိတဲ့ လေးမြှားနဲ့ ဂဠုန်မင်းကို ခွင်းလိုက်တာ နဂါးမင်း အသက်ဘေးက ချမ်းသာရာရသွားတယ်။ နဂါးမင်းက လုလင်ပျိုကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ပြဒါးရှင်လုံးပေးပြီး ရေထဲပြန်ဆင်းသွားလေသည်။ လယ်သမားဘဝကနေ ဘုရင့်ကျွဲထိန်း အသစ်စက်စက်ဖြစ်လာတဲ့ လုလင်ပျိုဟာ ပြဒါးရှင်လုံး အားကိုးနဲ့ ကျွဲအုပ်ကို လိမ္မာယဉ်ပါးအောင် ထိန်းကျောင်းသွားလိုက်တာ မင်းကြီးက သဘောတွေ လွှတ်ကျတော့တာပေါ့။ ကျွဲထိန်းလုလင်ပျိုလည်း ဘုရင်ချီးမြှင့်တဲ့ ဆုလာဘ်တွေနဲ့ ကြီးပွားလာတော့တယ်။ ဘုရင်ကြီးသည် မိမိနိုင်ငံအတွင်းမှာ ရှိတဲ့ မြင်းသည်တော်တွေကို ဆင့်ခေါ်ပြီး မြင်းပွဲသဘင်ပြိုင်ပွဲ ကျင်းပလေ့ရှိတယ်။ မြင်းသဘင်ပွဲမှာ မင်းကြီးရဲ့သားတော် အိမ်ရှေ့မင်းသား၊ ကျွဲထိန်းလုလင်နှင့် မြင်းသည်ကျော်တွေ ပါဝင်ယှဉ်ပြိုင်ကြသည်။ ကျွဲထိန်းလုလင်ရဲ့ မြင်းက သာမန်မြင်းမဟုတ်ဘဲ သိန္ဓောမြင်းကောင်းမြင်းသန့် ဖြစ်တော့တယ်။ သိန္ဓောမြင်းရဖို့ ကျွဲထိန်းလုလင်က တစ်ရွာဝင်တစ်ရွာထွက် လိုက်လံရှာဖွေပြီး ဝယ်လာခဲ့ရတာ။ မူလမြင်းပိုင်ရှင် မုဆိုးမကတော့ မြင်းကောင်းမှန်းမသိတော့ ရောင်းလိုက်မိတော့တာပေါ့။ မြင်းပြိုင်ပွဲမှာ နိုင်သွားတဲ့ ကျွဲထိန်းလုလင်ကို မင်းကြီးက သဘောကျလွန်းတာကြောင့် သမီးတော်နဲ့ လက်ဆတ်ပေးလိုက်တယ်။ မဟိံသမင်းကြီး အသက်ကြီးလာတဲ့အခါ သားတော်အိမ်ရှေ့မင်းကို မင်းကြီးအရာလွှဲအပ်၊ သမက်တော် ကျွဲထိန်းလုလင်ကို အိမ်ရှေ့အရာနှင်းပြီး မဟာပါသာဏရတနာလိုဏ်ဂူကို သွားရောက်ပြီး သက်ဆုံးတိုင် တရားအားထုတ်သွားလေသည်။ ဘုရင်ကြီး သက်ဆုံးတိုင်း တရားအားထုတ်ခဲ့တဲ့ ဂူဖြစ်လို့ ဘုရင်ကြီးဂူလို့ အခေါ်အဝေါ် ပြောင်းလဲလာခဲ့တော့တယ်။ ဘုရင်ညီနောင်ဂူ၊ ဘုရင်ညီဂူ

အနော်ရထာမင်းကြီး သထုံပြည်ကို တိုက်ခိုက်ပြီး မနူဟာမင်းကို ပုဂံကို ခေါ်သွားခဲ့တဲ့ ရာဇဝင်ကို လူတိုင်းနီးနီး သိပြီးသားဖြစ်မှာပါ။ သထုံပြည်ကြီး မငြိမ်မသက် ဖြစ်နေချိန်မှာ မနူဟာမင်းရဲ့ သားတော်နှစ်ပါးဖြစ်တဲ့ သီဟကုမ္မာရနှင့် စိတ္တကုမ္မာရ ဆိုတဲ့ မင်းသားနှစ်ပါးဟာ ပုဂံစစ်တပ်လက်ထဲကနေ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်သွားခဲ့ကြတယ်။ မင်းသားနှစ်ပါး ထွက်ပြေးလာလိုက်ကြတာ မင်းနေပြည်တော်နဲ့ အလှမ်းဝေးတဲ့ ဘုရင်ကြီးဂူကို ရောက်လာကြလေသည်။ ဘုရင်ကြီးဂူရဲ့ အနေအထားအရ လုံခြုံမှုရှိခြင်း၊ ဂူအတွင်း စေတီပုထိုးများနှင့် အေးချမ်းခြင်း၊ ရိက္ခာရှာဖွေရ လွယ်ကူခြင်း စတာတွေကြောင့် သည်ဂူကြီးထဲမှာပဲ ခိုအောင်းဖြစ်သွားတယ်။ မင်သားနှစ်ပါးစလုံး အေးအေးချမ်းချမ်း နေချင်ကြတဲ့အတွက် သထုံထီးနန်းပြန်ရဖို့အရေး မတွေးတောကြတော့ဘဲ တရားအားထုတ်သွားကြဖို့ ညီနောင်နှစ်ဦး သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။ တစ်နေ့တော့ တောလိုက်မုဆိုးတစ်ယောက်ရဲ့ သတင်းပေးမှုကြောင့် ပုဂံရဲမက်တွေဟာ မင်းသားနှစ်ပါးအကြောင်း သိရှိသွားကြပြီး လာရောက်ဖမ်းကြလေသည်။ ရဲမက်တွေလာနေတာကို တောင်ပေါ်ကနေ တွေ့သွားတဲ့ ညီငယ်မှ ထွက်ပြေးတိမ်းရှောင်နေဖို့ အကိုကြီးကို တိုင်ပင်လေသည်။ နောင်တော်သီဟကုမ္မာရမှ “ငါတို့ဟာ ထီးနန်းစည်းစိမ်ကို မမက်မော။ တရားအားထုတ်နေသူများတာဖြစ်ကြတယ်။ အကျိုးအကြောင်း ပြောပြရင်ဖြင့် လွှတ်ပေးမှာပါ။” လို့ ပြန်ပြောပြီး တစ်ကိုယ်တည်း တောင်အောက်ဆင်းပြီး ရဲမက်တွေကို အကျိုးအကြောင်း ရှင်းပြလေသည်။ ရဲမက်များမှ လက်မခံ သီဟကုမ္မာရအား ဖမ်းဆီးကွပ်မျက်ရန် စီစဉ်လေတော့သည်။ သီဟကုမ္မာရမင်းသားမှ ကွပ်မျက်မခံရမီ သစ္စာအဓိဌာန်ပြုလေတော့သည်။ “ငါသည် အေးချမ်းမှုကို လိုလားသူ ဖြစ်သဖြင့် တရားဓမ္မများကို ရှာဖွေအားထုတ်ခဲ့ရိုး အမှန်ဖြစ်သည်။ ထိုသစ္စာစကား အမှန်ဖြစ်ပါက ငါသည် သေလွန်ပြီးသောအခါ အေးချမ်းသော ဘုံဌာနသို့သာ ဆိုက်ရောက်ပါစေ။ ထိုစစ်သည်ရဲမက်များသည် ငါ၏ မေတ္တာစကားကို ပါယ်ရှားပြီး ပူလောင်မှုကိုသာ အလိုရှိကြသည်။ ပူလောင်မှုကို လိုလားသော ထိုသူတို့သည် ငါသေလွန်သောအခါ ပူလောင်မှုအကျိုးကို လက်တွေ့ ကြုံတွေ့ပါစေသား။” ဟု အဓိဌာန်ပြုလေသည်။ အဓိဌာန်စကားဆုံးသည်နှင့် ရဲမက်တို့သည် မင်းသားအား ခေါင်းဖြတ်ကွပ်မျက်လိုက်ကြသည်။ မင်းသားဦးခေါင်း မြေသို့ကျသည်နှင့် တပြိုင်နက် ကျောက်ဆောင်ကြားမှ ရေပူလုံးများ ဟုန်းခနဲမြည်ဟီး ထွက်ပေါ်လာပြီး ရဲမက်များအား ပူလောင်မွန်းကြပ် သေဆုံးစေကုန်သည်။ အသက်မသေ ကျန်ရစ်သော ရဲမက်များမှ ညီတော်မင်းသားအား ဆက်လက်ရှာဖွေပါသော်လည်း မတွေ့သဖြင့် မင်းနေပြည်တော်သို့ ပြန်သွားကြလေသည်။ ဘုရင်ကြီးဂူတွင် သီဟကုမ္မာရနှင့် စိတ္တကုမ္မာရ မင်းသားနှစ်ပါး တရားအားထုတ် နေထိုင်ခဲ့သည့်အတွက် ဘုရင်ညီနောင်ဂူဟုလည်းကောင်း၊ နော်တော်သီဟကုမ္မာရ ကွပ်မျက်ခံပြီးနောက်ပိုင်း ရဲမက်များ ပြန်သွားပြီးနောက်တွင် ညီငယ်စိတ္တကုမ္မာရမင်းသားမှ သက်ဆုံးတိုင် တရားအားထုတ် နေထိုင်ခဲ့သည့်အတွက် ဘုရင်ညီဂူဟုလည်းကောင်း ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြလေသည်။ ရေပူစမ်းထွက်ပေါက်နှင့် ရေအေးစမ်းထွက်ပေါက်မှာ နောင်တော် သီဟကုမ္မာရမင်းသား၏ သစ္စာစကားကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ ရေပူတစ်လမ်း၊ ရေအေးတစ်လမ်းကို ကြည့်ရသည်မှာ သီဟကုမ္မာရမင်းသားနှင့် စစ်သည်ရဲမက်တွေအကြား သွားရာလမ်း တစ်လမ်းဆီ ဖြစ်နေပုံကို ဖော်ပြနေသယောင် ထင်မှတ်ရသည်။လိုဏ်ဂူတော်အတွင်း အပြင်တွင် တည်ရှိသော စေတီတော်နှင့် ရုပ်ပွားတော်များ၊ တောင်ခါးပန်းရှိ ရှေးဟောင်း ဂဝံအုတ်ချပ်ရှိ လက်ရေးစင်းအမှတ်အသားများ၊ ကျောက်ကပ်အုတ်ခွက်ဘုရားများ၏ သက်တမ်းကို ကြည့်ခြင်းအားဖြင့် ဘုရင်ညီဂူသည် ရှေးဟောင်းသမိုင်းဝင်လိုဏ်ဂူတစ်ခုဖြစ်ကြောင်း ဖော်ပြရင်း သမိုင်းစာအုပ်အရ သိရသည်မှာအောက်ပါအတိုင်းဖြစ်သည်…။






ဤဘုရင့်ညီနောင် ကျောက်ဂူကြီး၏ အမည်မှာ နောက်ဆုံးဖော်ထုတ်ကြသော အမည်ဖြစ်ပါသည်။ ရှေးဦးပထမ မဟာပါသာဏဂူ ရတနာကျောက်ဂူဟူ၍ ခေါ်ဆိုကြပါသည်။ ဒုတိယ ဘုရင်ကြီးဂူ ရတနာကျောက်ဂူဟူ၍ အဆင့်ဆင့်ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။
ရှေးလွန်လေသော နှစ်ပေါင်း (၉၀၀) ကျော်ခန့်လောက်က ကရင်ပြည်နယ် ဘားအံ့မြို့ မြောက်ဘက် (၃)မိုင်ကျော် သံလွင်မြစ်နှင့် အနောက်ဘက်ကမ်း ကော့ဖြိုင်တောင်နှင့် တဆက်တည်း တည်ရှိလျှက် ကြာအင်းရွာအနီးတွင် နတ်နဂါးများ ပျော်ရွှင်မြူးတူးရာ တောင်ကြီးတစ်လုံးရှိလေသည်။ ထိုတောင်ကို “နဂါးမြူး” တောင်ဟု ခေါ်သည်။ ထိုတောင်ကြီး၏ မြောက်ဘက် နှစ်မိုင်ကွာလောက်တွင် ရှည်လျားသောတောင်တန်းကြီး တစ်ခုရှိလေသည်။ ထိုတောင်ကို “ဂဋ္ဋုံပျော်” တောင်ဟု ခေါ်သည်။ဂဋ္ဋုံပျော်တောင်နှင့် မနီးမဝေးသော အနောက်ဘက်ကျောက်တ်လုံးရွာ၏အရှေ့တောင်ထောင့် တစ်မိုင်ခရီးတွင် စပါးလှမ်းတောင်ရှိလေသည်။ ဘုရင်ကြီးဂူတောင်၏ မြောက်ဘက်နှစ်မိုင်ခရီးတွင် မွန်ကရင်လူမျိုးများ ထီးနန်းများစိုက်ထူစိုးစံသောမြို့ မဟိသရာဇာခေါ် မွန်ဘုရင်တစ်ပါးရှိလေသည်။ မွန်ဘုရင်ကြီးတွင် သမီးတော်တစ်ပါး နှင့် သားတော်ကလေးတစ်ပါး ထွန်းကားလျက်ရှိလေသည်။ဘုရင်ကြီးသည် ကျွဲ နွားများမွေးမြူသော ၀ါသနာတစ်ခုရှိလေသည်။ သုံးရာခန့်ရှိ၍ ကျွဲ များကိုထိန်းသိမ်းစောက့်ရှောက်ရန် ကျွဲကျောင်းသမားများကို ခန့်အပ်ပြီး ဘုရင်ကြီးဂူမြောက်ဘက် ခြောက်ဖာလုံခန့် မိချောင်ကွင်းအရပ်တွင် ထိန်းသိမ်းစောက့်ရှောက်စေသည်။ မွန်ဘုရင်ကြီး၏ ကျွဲအုပ်ကြီးသည် ဆင်းရဲသားတို့ စိုက်ပျိုးထားသော စိုက်ခင်းများကို မိမိတို့ နယ်နိမိတ်သတ်မှတ်ထားသောကျွဲစားကျက်မှ ကျော်လွန်ပြီး ဖျက်ဆီး စားသောက်လေသည်။ထိုအခါ ဆင်းရဲသားများပေါင်း၍ ဘုရင်ကြီးထံတွင် အကြောင်းဆုံလင်စွာ ရှိခိုးအလွှာတင်သွင်း ဆက်သလေကြသည်။
ဘုရင်ကြီးသည် မိမိ၏ကျွဲများကို နိုင်နင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်သော လူများကို ရှာဖွေကြရမည်ဟု အမိန့်တော်ဖြင့် မှူးကြီး မတ်ကြီးများသည် ကျွဲထိန်းသမားကို ရှာဖွေလေသည်။ စပါးလှမ်းတောင်တွင် တောင်ယာလုပ်ကိုင်စားသောက်သော ဆင်းရဲသားအား ကာယဗလသတ္တိစွမ်းအင်များကို ကြည်ရှုကြလျက် ဘုရင်ကြီးထံခေါ်ဆောင်သွားကြသည်။ဆင်းရဲသားလေး၏ ရုပ်သွင်ပြင်ကို ကြည့်ရှုစစ်ဆေးပြီး ဘုရင်ကြီးရဲ့ ကျွဲများကို ထိန်းသိမ်းစောက်ရှောက်ရန် လွှဲအပ်တော်မှုလေသည်။ ဆင်းရဲသားလုလင်သည် ကျွဲအုပ်ကြီးကို မိကျောင်းကွင်းသို့ မောင်းနှင်ကာတောင်ဖိုတောင်မနှစ်လုံးအနီးတွင်နေ၍ ထိန်းသိမ်းစောက်ရှောက်လေသည်။
နဂါးမြူးတောင် အုပ်ချုပ်လျက်ရှိသော နဂါးမင်းတစ်ကောင်သည် ပြဒါးမျက်ရှင်လုံကို ငုံကာ ကစားပျော်မြူးလျက်ရှိလေသည်ကို ဂဋ္ဌုန်မင်းတစ်ကောင်မြင်လေပြီး လိုက်လေရာ နဂါးမင်း ကြောက်ထိတ်လန့်သောကြောင့် လျင်မြန်စွာ ရှောင်ရှားထွက်ပြေးလေသည်။ နဂါးကို ဂဋ္ဌုန်လိုက်သော အသံကို ကြားသိမြင်တွေ့ရသော် ဂဋ္ဌုံန်မင်းကို မိမိကိုင်ဆောင်သော မြားလက်နက်ဖြင့် တအားပစ်လိုက်ရာ ဂဋ္ဌုန်မင်း၏ အတောင်နှစ်ဖက်ကို ထိမှန်သွားလေသည်။ မြားချက်ကြောင့် ဦးတည်ရာသို့ ပျံလေသော် ဘုဝဏ္ဏဘူမိ သထုံမြို့ မြသပိတ်စေတီတော် အရှေ့အရပ် လ၀လူမျိုးများနေသော ၀ါးပါးတောင်ကြားတွင်ကျ၍ အသက်ကုန်လေသည်။
ထိုအခါ ရန်သူ ဂဠုန်မင်းလက်မှ လွတ်ကင်းလာသော နဂါးမင်းသည်ဝမ်းမြောက်ပြီး လူအသွင်ဆောင်၍ မြားလက်နက်ရှင် ကျွဲကျောင်းသားအား ကျေးဇူဆပ်သည့်အနေဖြင့် တန်ဖိုးမဖြတ်နိုင်သော ပြဒါးရှင်တစ်လုံး ပေးအပ်ပါသည်။ပြဒါးရှင်၏ အစွမ်းမှာ ခံတွင်းတွင် ငုံထားပါက တရိစ္ဆာန်တို့ရဲ့ အသံများကို ကြားရုံနှင့် သူတို့ရဲ အလိုဆန္ဒကို သိ၏။ သဗ္ဗသိဒ္ဓိ လိုရာခပ်သိမ်း ပြီးစီအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပြောဆိုကာသွားလေသည်။ကျွဲကြောင်းသားသည် ပြဒါးရှင်လုံးကို နှုတ်တွင်ငုံ၍ ကျွဲအုပ်ရှိရာ စခန်းသို့သွားလေသည်။ ထိုအခါ ကျွဲအုပ်ကြီးထဲမှ ကျွဲမကြီးသည် မိမိတို့ရဲ့ ဘာသာဖြင့် ဤသို့ပြောဆိုသတဲ့ “ ကျွဲများအပေါင်းတို့ သူတပါးတို့စိုက်ပျိုးလုပ်ကိုင်ထားတဲ့ ယာခင်း ပဲခင်း ကောက်စပါးခင်းများကို စားသောက်ဖျက်ဆီးခြင်းသည် ကောင်းသည်မဟုတ် မိမိတို့ဆိုင်ရာချမှတ်ထားသော စားကျက်အတွင်းရှိ အစာများကိုသာ စားရန် “တိုက်တွန်းလေသည်။ ကျွဲမကြီးစကားကို အချို့ကျွဲများလိုက်နာကြသော်လည်း အချို့ကလိုက်နာခြင်းမရှိပေ။
ထိုအခါ ကျွဲကျောင်းသားသည် ကျွဲအုပ်ကြီးအနီးအပါးသို့ သွား၍ အမောင်ကျွဲအသင်းတို့ ငါသည် သင်တို့ရဲ့အရှင်သခင် ဘုရင်ကြီးထံမှ အမိန့်အာဏာရရှိ၍ အသင်တို့အား အုပ်ချုပ်ထိမ်းသိမ်းလျှက်ရှိသည်။မိမိတို့ချမှတ်ထားသော ကျွဲစားကျက်မှတစ်ပါး တောင်သူလယ်သမားတို့ရဲ့ လုပ်ခင်းသီးနှံတို့ကို ဖျက်ဆီးပါက ကျွဲများကို အသက်အဆုံးစီရင်လိမ့်မည်ဟု အာဏာသံပေးလိုက်သောအခါ ကျွဲအပေါင်းတို့ တစ်ခါတရံမှ မကြားဘူးသော သူသားရဲ့စကားကိုကြား၍ တုန်လှုပ်ကြပြီး မိမိတို့ စားကျက်မှအမ အခြား တောင်ယာပဲခင်းတို့ကို မဖျက်ဆီးကြတော့ချေ။ရိုင်းဆိုင်းသောကျွဲအုပ်ကြီးသည် ကျွဲလိမ္မာအဖြစ်သို့ ထိန်းကျောင်းနိုင်သော ကျွဲကျောင်းသားအား ဘုရင်ကြီးက ဆုလာဘ်များ ပေးအပ်တော်မှုပေသည်။
ထို့နောက် ဘုရင်ကြီးသည် မိမိ၏ သားတော်တစ်ပါးနှင့် ကျွဲကျောင်းသားအတွက် မြင်းချောမြင်းလှ တစ်ကောင်စီ ၀ယ်ယူရန် ရပ်ဝေးသို့စေလွှတ်တော်မှုလေသည်။ ဖာပွန်မြို့နယ် ၀ရိတ်ခုံရွာအနီးသို့ ရောက်သောအခါ မင်းသားကလေးသည် နန်းတွင်းမှာ မွေးဖွားသော နန်းတွင်းသားဖြစ်ခြင်းကြောက့် ခရီးဆက်ရန်မတက်နိုင် မိမိနှစ်သက်သော မြင်းကိုဝယ်ပြီး နေပြည်တော်သို့ ပြန်လေသည်။ကျွဲကျောင်းမသားမူကာ မိမိနှစ်သက်သောမြင်းကို မတွေ့သောကြောင့် တစ်ရွာမှ တစ်ရွာသို့လှည့်လည်ရှာဖွေရာ ရွာငယ်ကလေးတစ်ခု၌ အဖွားအိုမွေးဖြူထားသော “သိန္ဓော” မြင်းတစ်ကောင်ကို တွေ့မြင်လေသည်။ ထို သိန္ဓောမြင်းသည် ဤသို့ဆို၏ “အမောင်လုလင်ပျို သင်သည် မြင်းကောင်း မြင်းသန့်ကို အလိုရှိလျှင် ငါ့ကိုဝယ်ယူပါလော ငါ၏ အရှင်ဖြစ်သော အဖွားအိုသည် ငါ့ကို ကြမ်းတမ်းလှသည်ဟုဆိုကာ ကြိုးလွန်းများဖြင့် မရုန်းနိုင်းအောင် ချည်နှောင်ကာ အစာရေစာမကျွေးဘဲ ထားသည် ငါ့အား အစာဝအောင်သုံးကြိမ် သုံးခါ ကျွေးမွေးလျှင် အတောင်နှစ်ဖက် ထွက်ပေါ်ပြီး သင်လိုရာစခန်းသို့ ပို့ဆောင်ပေးနိုင်မည် “ဟုဆိုလေသည်။ ကျွဲကျောင်းသားသည် အဖွားထံချည်ကပ်ပြီး အဘွားမြင်းဟာ ပိန်ချုံးချိနဲ့ လှပါတကား အစာများကို မကျွေးဘူးလားဟုမေးလေရာ အဘွားအိုက မြင်းသည်အလွန်ဆိုး၏ အဖော်မြင်းများကို အလွန်ညှင်းပန်း နှိပ်စက်လှသည်။ ထို့ကြောင်အစာမကျွေး ဒဏ်ခတ်ထားသည်ဟုဆိုလေသည်။ ကျွဲကျောင်းသားက ဒုက္ခပေးသောဤမြင်းအား ကျွန်တော်အား ရောင်းလိုက်ပါလားဟုပြောရာ အဘွားအိုသည် အလိုလိုမှုန်းတီးသော မြင်းကို အဖိုးငွေ သင့်သလိုနှင့် ရောင်းလေသည်။ သိန္ဓောမြင်းကို လမ်းခရီးအကြား ရွာတစ်ရွာတွင် သုံးကြိမ်တိုင်တိုင် အစာ အာဟာရကို အားရနှစ်သက်လောက်အောင် ကျွေးမွေးလေသည်။ ထိုအခါ သိန္ဓောမြင်းသည် အတောင်နှစ်ဖက်ထွက်ပေါ်လာ၍ ၎င်းကို တက်စီးပြီး ကောင်းကင်ခရီးဖြင့် ပျံလေရာ ဘုရင်ကြီးသားတော်နှင့် မရှေးမနှောင်း နေပြည်တော်သို့ ဆိုက်ရောက်လေသည်။
တရံရောအခါ ဘုရင်ကြီးသည် နိုင်ငံတော်တွင်ရှိ မြင်းရှင်များကို ခေါ်ပြီး ပြိုင်ပွဲသဘင် ကျင်းပလေသည်။ ကျွဲကျောင်းသားမြင်းသည် သိန္ဓောမြင်းဆိုသောအတိုင်း အခြားသော မြင်းတို့ထက် သာလွန်၍ ဒုန်းစိုင်းပြေးလွား နိုင်ခြင်း မီးတုတ်ဆွဲ၍ ပြေးစေခြင်းမှာ မြင်းကိုမမြင် မီးထုတ်ကိုသာ လူများမြင်ကြ၍ တအံ့တသြ ပြောပြ၍ မကုန်နိုင်အောင်ဖြစ်သော ထူးခြားချက်ကြောင့် ဘုရင်ကြီးက ဆုလာဘ်များစွာ ပေးကမ်းချီးမြှောက်ပြီး ပြဒါးရှင်တန်ခိုးကြောင့် ကျွဲကျောင်းသားအမည် ပျောက်ပြီး ရာထူးမြင့်၍ ဘုရင်ကြီးသမီးတော်နှင့် စုလျားရစ်ပတ် လက်ထပ်ရလေပြီး အိမ်ရှေ့မင်းအရာ အပ်နှင်းခံရလေသည်။ ထို့နောက် ကျွဲကျောင်းသားအိမ်ရှေ့မင်းသည် မိမိ၏ ပြဒါးရှင်လုံးကို ကျေးဇူရှင်ဖခမည်းတော်ဘုရင်ကြီးအား တင်ဆက်လိုက်လေသည်။ ထို့နောက် ဘုရင်ကြီးသည် သားတော်သီးတော်များကိုခေါ်၍ မှူးကြီး မတ်ရာ စုံညီရှေ့မှောက်တွင် အိမ်ရှေ့မင်းအားထီးနန်းအပ်ကာ ၀တ်ဖြူစင်ကြယ်ဖြင့် မြိုံ့တော်၏တောင်ဘက်မုဒ်မှ ထွက်တော်မှု၍ မဟာပါသာဏ ရတနာလိုဏ်ဂူသို့ ထွက်တော်မှုသည်။ ဘုရင်ကြီးသည် မိမိလက်ဝယ်ရှိ တေဇမဟိဒ္ဓိ သိဒ္ဓိပြီးစီး ပြဒါးရှင်လုံးကြီးကို နောင်လာ နောက်သားမျိုး လေးပါးသောကံအား ဥာဏ်အား ပါရမီအားအလျှောက် ထွန်းဖောက်နိုင်ကြပါမူကား မဟာပါသာဝဏလိုဏ်ဂူတော်စောင့် နတ်မင်းကြီးအား အပြီးအပိုင် ထုတ်ပေးစေသတည်းဟု သစ္စာဓိဋ္ဌာန်ချက်ဖြင့် ရန်သူမျိုးငါးပါး မဖျက်နိုင်အောင် တစ်ခုသောနေရုာတွင် ဌာပနာသွင်း မြှုပ်နှံလေသည်။
ရှေးအခါက ဤမဟာပါသာဏာ ရတနာလိုဏ်ဂူတော်ကြီးသည် ဘုရင်ကြီး တရားအားထုတ်နေသည်မှစ၍ နှုတ်ဖျားတွင် ဘုရင်ကြီးဂူဟူ၍လည်းကောင်း ဘုရင်ဂျီးဂူဟူ၍လည်းကောင်း ခေါ်ဝေါ်သမှုတ်ကြလေသည်။ထိုဘုရင်ကြီးသည် အသက်ထက်ဆုံး ကျင့်သုံးနေထိုင်ပြီးလျှင် ၎င်းရတန်ာဂူတော်၌ လူ့ပြည်ငြီး၍ နတ်ထီးစံတော်မူလေသတည်း။