မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်မနက် ဆယ်နာရီခန့်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မော်လီချိုင်းကျေးရွာကို ကျရောက်ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ ကရင်အမျိုး သားမီဒီယာက ဖော်ပြလာပါတယ်။
လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အိမ်တစ်အိမ်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ အဲဒီကျေးရွာ ရွာလူကြီးက ပြောကြား ကြောင်း သတင်းက ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ထိုင်းအာဏာပိုင်တွေဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ရက်တွေအတွင်းလေးကေ့ကော်မှာ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်ရသူ မြန်မာစစ်ဘေးရှောင်တွေ ထောင်ချီရှိခဲ့ပါတယ်။
အဲဒီရက်ပိုင်းတုန်းကလည်း ထိုင်းဘက်က ကြံစိုက်ခင်းတစ်ခုထဲ မြန်မာဘက်ကပစ်တဲ့လက်နက်ကြီးကျည်ကျရောက်ခဲ့လို့ စိုက်ခင်းမီးလောင်တာရှိခဲ့တဲ့နောက် မြန်မာဘက်က ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေက ကန့်ကွက်စာပေးပို့ခဲ့ပြီး နောက်ထပ်ပစ်ခတ်မှုတွေရှိရင် လက်တုံ့ပြန်ဖို့အသင့်လို့ ပြောကြားထားသလို ထိုင်းတော်ဝင်တပ်မတော်က တပ်ဖွဲ့တွေကိုလည်း နယ်စပ်မှာ ချထားခဲ့ပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၂၃ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်တွေက လေးကေ့ကော်မြို့သစ်ကို လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြန်တာကြောင့်ထိုင်းဘက်ခြမ်းကို မြန်မာစစ်ရှောင်တွေ ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအခါ ထိုင်းဘက်ခြမ်းကို စစ်ရှောင်ရောက်ရှိသူအရေအတွက် သောင်းဂဏန်းကျော်လာပြီလို့ စစ်ရှောင်အရေးကူညီပေးနေသူတွေ ကပြောကြားထားပါတယ်။
ဓာတ်ပုံ- ချာဝလစ်
ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-59562110



