ကရင်ပြည်နယ်စစ်ပွဲ ဘယ်ကိုဦးတည်နေလဲ



Salween Press
ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ၂၀၂၁

တပ်မဟာအားလုံးကို ကရင်အမျိုးသားအစည်းအရုံး KNU က ပစ်မိန့်ပေးလိုက်ပြီးဖြစ်တဲ့အတွက် တိုက်ရေးဘက်ကိုဦးတည်နေပြီးလို့ သုံးသပ်ရပါတယ်။ အဲ့ဒီအတွက် ကရင်ပြည်နယ်မှာ စစ်မျက်နှာတွေ ပိုမိုကျယ်ပြန့်လာမယ်လို့ KNU သတင်းရင်းမြစ်ကဆိုပါတယ်။

တနည်းအားဖြင့် စစ်ရေးအရှိန်မြင့်တော့မယ်လို့ သုံးသပ်လို့ရပါတယ်။ အရင်က တပ်မဟာတချို့က ပစ်မိန့်ပေးထားပေမဲ့ တချို့တပ်မဟာခေါင်းဆောင်တွေကတော့ ပစ်မိန့်မပေးထားဘူးလို့ KNLA တပ်ဖွဲ့ဝင်ထံမှသိရပါတယ်။

တိုက်ရေး၊ မတိုက်ရေးနှင့်ပတ်သက်ပြီး KNU ထိပ်ပိုင်းခေါင်းဆောင်တွေအကြားမှာ သဘောထားကွဲလွဲခဲ့ပေမဲ့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ထိပ်ပိုင်းခေါင်းဆောင်အစည်းအဝေးတစ်ခုအပြီးမှာ KNU ခေါင်းဆောင်တွေက ခိုင်မာတဲ့ဦးတည်ချက်တစ်ခုကိုချမှတ်လိုက်တာလို့နားလည်းလို့ရပါတယ်။ တနည်းအားဖြင့် NCA လမ်းကြောင်းကိုထားခဲ့ပြီး နည်းလမ်းသစ်တစ်ခုကိုရှာတော့မယ့်ပုံရှိပါတယ်။

အရင်က NCA ကိုထိန်းသိမ်းချင်တဲ့ခေါင်းဆောင်တွေတောင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အယုံအကြည်မရှိတော့ဘူးလို့ KNLA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကပြောပါတယ်။ သို့သော် NCA ကိုစိတ်မကုန်သေးတဲ့ခေါင်းဆောင်တချို့တော့ရှိသေးတယ်လို့ သူကဆိုပါတယ်။

“စစ်ကောင်စီကျရှုံးမယ်လို့ KNU ခေါင်းဆောင်တချို့ကထင်တယ်။ NUG/PDF နိုင်မယ်လို့ထင်တယ်။ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာနိုင်မယ်။ မြို့ပြက စစ်ကောင်စီတပ်ဖွဲ့လည်း မတောင့်ခံနိုင်ရင် PDF ကိုလမ်းဖွင့်ပေးမယ်။ အဲ့ဒီအချိန်ကျရင် အစိုးရသစ်တစ်ခုပေါ်လာမယ်” လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ KNU ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

အစိုးရသစ်ကိုတော့ လက်ရှိ NUG ဖွဲ့စည်းပုံမဟုတ်ပဲ ပြန်လည်ဖွဲ့စည်းရနိုင်တယ်လို့ သူကဆိုပါတယ်။ KNU နှင့် KIO အပါအဝင် တိုင်းရင်းသားအဖွဲ့ (EAO) တချို့ကလည်း NUG နှင့် ကတိကဝတ်ယူထားတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် KNLA ခေါင်းဆောင်တချို့နှင့် တက်ကြွလှုပ်ရှားတဲ့ကရင်အဖွဲ့အစည်းတချို့ကလည်း ကော်သူးလေနိုင်ငံတော် ကိုထူထောင်ချင်တဲ့စိတ်အားထက်သန်နေပါတယ်။ အဲ့ဒီအတွက် သက်ဆိုင်ရာ KNLA ခေါင်းဆောင်တွေ၊ တပ်မဟာတွေအတွက် ငွေကြေးအလှုခံတာ၊ ငွေကြေးထောက်ပံ့ပေးနေတာတွေရှိပါတယ်။ နိုင်ငံရေး၊ စစ်ရေး၊ မီဒီယာနှင့် လူထုလှုပ်ရှားမှုအားနှင့် ပြိုင်တူဆင်နွှဲကြိုးပမ်းနေပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်ဖာပွန်ခရိုင် KNLA တပ်မဟာ ၅ နယ်မြေထဲက စစ်ကောင်စီတပ်တွေအထိနာခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စခန်းစွန့်ခွာခဲ့တာတွေရှိသလို ရိက္ခာပြတ်လပ်နေတာလည်းကြုံနေရပါတယ်။ အဲ့ဒီလိုရက္ခာပြတ်လပ်လို့ ထိုင်းနိုင်ငံဘက်ကလာတဲ့ ရိက္ခာကိုမှီခိုနေရပါတယ်။ နည်းမျိုးစုံနဲ့ ရှေ့တန်းတပ်စခန်းတွေကို ရိက္ခာပို့ကြိုးစားရင်း KNLA တိုက်ခိုက်လို့သေဆုံးတဲ့စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်တွေလည်းမနည်းဘူးလို့ KNLA တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

သို့သော် အသေအပျောက်များတဲ့ကြားထဲက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရိက္ခာဆက်ပို့နေတုန်းပဲလို့ဆိုပါတယ်။ ရိက္ခာလုံလောက်ပြီးရင်တော့ KNLA တပ်မဟာ ၅ နယ်မြေ သံလွင်မြစ်ကြောင်းတစ်လျှောက်မှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်လာနိုင်တယ်လို့ KNLA တပ်မဟာ ၅ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောမူဟဲ က သုံးသပ်ပါတယ်။

လက်ရှိမှာလည်း KNU တပ်မဟာနယ်မြေအားလုံးနီးပါးအတွင်းမှာ စစ်ကောင်စီက မြေပြင်မှာ တပ်အင်အားဖြန့်ထားသလို လေကြောင်းထောက်လှမ်းမှုတွေအဆက်မပြတ်လုပ်ဆောင်နေပါတယ်။ အခုရက်ပိုင်းမှာလည်း တပ်မဟာ ၅၊ ၂ နှင့် ၆ ဒေသတွေမှာလည်း စစ်ကောင်စီလေယာဉ်ပျံသန်းမှုတွေလုပ်နေတယ်လို့ မျက်မြင်တွေက သတင်းပို့ပါတယ်။

ကရင်ပြည်နယ်စစ်ပွဲဟာ ကရင်ပြည်နယ် မြောက်ပိုင်းကနေ တောင်ပိုင်းအထိကျယ်ပြန့်လာနေသလို KNU တပ်မဟာ ၂ ရှိတဲ့ ပဲခူးတိုင်း ကျောက်ကြီး၊ တောင်ငူဒေသ၊ တပ်မဟာ ၁ ရှိ မွန်ပြည်နယ် သထုံခရိုင်၊ ဘီးလင်းဒေသ၊ တပ်မဟာ ၆ ရှိ လေးကေ့ကော်၊ ဖလူးဒေသနှင့် တပ်မဟာ ၄ ရှိ တနင်္သာရီတိုင်းဒေသတွေမှာ စစ်မီးကူးဆက်လျှက်နှင့် ကူးဆက်လုနီးပါးအနေအထားမှာရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်။

တပ်ဖွဲ့ဝင် အကျအဆုံးများတဲ့ကရင်ပြည်နယ်တိုက်ပွဲမှာ စစ်ကောင်စီကလည်း အလျှော့ပေးမယ့်ပုံမပေါ်ဘူးလို့ မြင်ပြင်သတင်းအရသိရပါတယ်။ ကရင်ပြည်နယ်ကစစ်ရေးကို ကြီးကြပ်ကွပ်ကဲနေသူက အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးလို့သိရပါတယ်။

KNU ဘက်ကလည်း KNDO၊ KNLA၊ DKBA၊ PDF၊ Generation Z ပူးပေါင်းတပ်ဖွဲ့တွေရှိနေပြီး လိုအပ်သလိုလက်တွဲတိုက်ပွဲဝင်နေတာရှိပါတယ်။ စစ်ကောင်စီကိုစိတ်နာလို့ စစ်ထွက်တိုက်ချင်တဲ့ PDF တွေလည်းအများအပြားရှိတယ်လို့ လေးကေ့ကော်သတင်းရပ်ကွက်ကဆိုပါတယ်။

လက်ရှိမှာလည်း KNLA နှင့် PDF တပ်ဖွဲ့ဝင်အသစ်တွေ စစ်သင်တန်းတက်ရောက်လျှက်ရှိပါတယ်။ သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို လက်နက်အလုံအလောက်တပ်ဆင်မှုပြီးရင်တော့ စခန်းသိမ်းတိုက်ပွဲတွေ ဆက်ရှိလာနိုင်ပါတယ်။ မြဝတီဒေသ ကော့ကရိတ်၊ ကျုံဒိုး၊ ကော့နွဲ့စတဲ့ အာရှလမ်းမတစ်ကြောင်းမှာလည်း တိုက်ပွဲပြင်းထန်လာနိုင်ပါတယ်။ စစ်မျက်နှာလည်းပိုကျယ်ပြန့်လာနိုင်ပြီး လေကြောင်းတိုက်ခိုက်မှုလည်းရှိလာနိုင်ပါတယ်။ အဲ့ဒီအခါကျရင် စစ်ဘေးရှောင်တွေထပ်များလာနိုင်ပြီး ထိုင်းနိုင်ငံဘက်ကိုလည်း ထပ်မံထွက်ပြေးတိမ်းရှောင်နိုင်ပါတယ်။

စစ်မျက်နှာများလာတာနဲ့အမျှ စစ်အရှိန်အတက်အကျသည် စစ်ကောင်စီရဲ့အကျအဆုံးပေါ်မူတည်တယ်လို့သုံးသပ်ရပါတယ်။ ကုန်းကြောင်းကိုဖိတိုက်ရင်တော့ စစ်ကောင်စီအထိနာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ KNLA ပူးပေါင်းတပ်ဖွဲ့က နယ်မြေကျွမ်းကျင်မှုအပိုင်းမှာ စစ်ကောင်စီထက်သာနိုင်ပါတယ်။ ဒါ့အပြင် သတင်းစီးဆင်းမှုမြန်ဆန်တာကလည်း KNLA ပူးပေါင်းတပ်ဖွဲ့အတွက်အားသာချက်ဖြစ်စေပါတယ်။

လေကြောင်းကိုဖိတိုက်ရင်တော့ စစ်ကောင်စီဘက်က အကျအဆုံးနည်းနိုင်ပါတယ်။ ဒါပေမဲ့ လေကြောင်းသည် ထိရောက်မှုနည်းပြီး အရပ်သားတွေပဲအထိနာပါမယ်။ ဒါ့အပြင် ထိုင်းနိုင်ငံနဲ့နီးတဲ့နေရာတချို့မှာလေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီအတွက် ထည့်သွင်းစဉ်းစားစရာကိစ္စဖြစ်နေပါတယ်။
လက်ရှိမှာ မဲဆောက်မြို့နယ် သောင်ရင်းမြစ်ကမ်းကနေရာတချို့မှာ ထိုင်းစစ်တပ်က လက်နက်ကြီးတွေတပ်ဆင်ထားပြီး တပ်တွေလည်းတိုးချဲ့ချထားတယ်လို့ မျက်မြင်တစ်ဦးက ပြေပါတယ်။

တိုက်ပွဲမှာအကျအဆုံးများရင်တော့ အပစ်အခတ်ရပ်စဲရေးလမ်းကြောင်းကို စစ်ကောင်စီက ချည်းကပ်လာနိုင်ပါတယ်။ သို့သော် KNU အနေနဲ့ NCA လမ်းကြောင်းမဟုတ်တဲ့ တခြားနည်းလမ်းအသစ်တစ်ခုကို အဆိုပြုလာနိုင်ပါတယ်။

ဓာတ်ပုံ – KNLA တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (Photo: Salween Press)

#Salweenpress

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s