ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကို အမိန့်ချဖို့ ရွှေ့ဆိုင်းပြီး အဂတိမှုထပ်တိုးအမှုဖွင့်
ဧရာဝတီ၊ နိုဝင်ဘာ ၃၀၊ ၂၀၂၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး ယနေ့မှာ အဂတိလိုက်စားမှုလိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းတွင် ထပ်မံအမှုဖွင့်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ယနေ့တွင် အမိန့်ချရန်ရှိသော်လည်း ၎င်းတို့လက်အောက်ခံ အထူးသီးသန့် တရားရုံးသည် အမိန့်ချရန် ချိန်းဆိုထားပြီးမှ ရှေ့လာမည့်ရုံးချိန်း ဒီဇင်ဘာ ၆ ရက်သို့ ရွှေ့ဆိုင်းခဲ့ပြီး ယခုကဲ့သို့ ပုဒ်မတိုးကာ ထပ်မံတရားစွဲဆိုခြင်းဖြစ်သည်။
အဆိုပါ ရဟတ်ယာဉ်ဝယ်သူသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့ကလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်ပင် တရားစွဲဆိုထားသေးသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ဝယ်ယူခဲ့သည့် ကယ်ဆယ်ရေး ရဟတ်ယာဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်နဲရေလယ်ဘုရားဖူးခရီးစဉ်တွင် ပြည်သူ ၂၀ ဦးကျော်အထိ ရေနစ်သေဆုံးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း အဆိုပါ ကယ်ဆယ်ရေးရဟတ်ယာဉ်ကို အသုံးြပု၍ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည်ကို မတွေ့ခဲ့ရပေ။
ယင်းအစား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူရာတွင် တာဝန်ရှိသူဟုဆိုသူများအား အရပ်သားအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီကသာ အဂတိမှုဖြင့် တရားစွဲဆိုမှုများ ပြုလုပ်လျှက်ရှိသည်။
