အမေရိကန်က ထိုင်းနိုင်ငံကိုခရီးမသွားသင့်သောအမြင့်ဆုံးအဆင့်သတ်မှတ်
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်တိုးလူနာဦးရေတဟုန်ထိုးမြင့်တက်လာပြီးနောက် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ကထိုင်းနိုင်ငံကိုခရီးသွားခြင်းမပြုသင့်သော နေရာအဖြစ်အမြင့်ဆုံးအဆင့်အထိတိုးမြှင့်လိုက်ပြီး ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတချို့ကို ခရီးသွားခြင်းမပြုကြရန် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုဌာန (စီဒီစီ)မှ အမေရိကန်ပြည်သူများကိုသတိပေး ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် စီဒီစီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က နိုင်ငံခြားခရီးသွားခြင်း သတိပေးမှုအဆင့်ကိုနောက်ဆုံးအကြိမ်ပြောင်းလဲသတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံကို ကိုဗစ်-၁၉ ကူးစက်နိုင် ခြေအမြင့်မားဆုံးအဆင့်ဖြစ်သည့် အဆင့်-၄ အဖြစ်တိုးမြှင့်သတ်မှတ်ခဲ့သည်။
တချိန်တည်းတွင် ထိုင်းနိုင်ငံတွင် နေ့စဉ်ထပ်တိုးလူနာဦးရေး ၂ သောင်းကျော်ရှိလာပြီးနောက် ဗီဇပြောင်းကိုဗစ်-၁၉ မျိုးကွဲအသစ်များကူးစက်နိုင်၍ ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးနှံထားသူများကို လည်း ထိုင်းနိုင်ငံသို့ခရီးသွားခြင်းမပြုရန် သတိပေးထားသည်။
အလားတူ အစ္စရေး၊ ပြင်သစ်၊ အိုင်စလန် စသည့်နိုင်ငံများကိုလည်း အဆင့်-၄ တိုးမြှင့်သတ်မှတ်လိုက်ပြီးပြည်သူများအားအဆိုပါနိုင်ငံများသို့ခရီးသွားခြင်းမပြုရန် သတိပေးထားသည်။
