ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ၄၆ ရပ်ကွက်မှာရှိတဲ့ Covid-19 ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြု ယာယီရုံးချုပ်ကို စစ်တပ်က ဒီကနေ့ ဇူလိုင် ၁၉ ရက်မနက်ပိုင်းမှာ ထောင်ချောက်ဆင် ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ပရဟိတဆရာဝန်ငါးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အဖွဲ့ခေါင်းဆောင် ကိုချမ်းလေးက RFA ကိုပြောပါတယ်။စစ်သားတွေဟာ တောင်ဥက္ကလာပမြို့နယ်က အရေးပေါ်ကုသမှုပေးဖို့လိုအပ်နေတဲ့ Covid-19 ကူးစက်ခံ လူနာတစ်ဦးအသွင်ကိုယူပြီး ဒီကနေ့မနက် ၉ နာရီ မိနစ် ၄၀ မှာ Covid-19 ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုရုံး ကိုဖုန်းဆက်ခဲ့တာလို့ဆိုပါတယ်။လူနာကိုကုသဖို့ ဆရာဝန်သုံးဦးက သွားရောက်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေလှည့်ဖျားခေါ်ဆောင်တဲ့ တိုက်ခန်းအရောက်မှာပဲ ပိတ်ဆို့ဖမ်းဆီးခံလိုက်ရတာပါ။ အဲဒီနောက် စစ်ကောင်စီတပ်သားတွေက ယာယီ ရုံးချုပ်ကိုပါ လာရောက်စီးနင်းပြီး နောက်ထပ်ဆရာဝန်နှစ်ဦးကိုပါဖမ်းဆီးခဲ့တာလို့ ကိုချမ်းလေးက ပြောပါတယ်။ “လက်ရှိမှာတော့ ကျွန်တော်တို့ နယ်မြေအသီးသီးမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ခေတ္တဝန်ဆောင်မှုမပေးနိုင်သေးဘူး။ ကျွန်တော်တို့ပြန်လည်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ကျွန်တော်တို့ကြိုးစားသွားမယ်” လို့ ကိုချမ်းလေးက ပြောပါတယ်။ဖမ်းဆီးခံရတဲ့ ဆရာဝန်ငါးဦးထဲမှာ အမျိုးသမီးဆရာဝန်နှစ်ဦးလည်းပါဝင်တယ်လို့ဆိုပါတယ်။စစ်သားတွေက ရုံးကိုဝင်ရောက်မစီးနင်းခင်မှာ ရုံးမှာရှိနေတဲ့ စေတနာ့ဝန်ထမ်းတွေက အချိန်မီတိမ်းရှောင်လိုက်နိုင်လို့ လွတ်မြောက်ခဲ့ပေမယ့် ဆေးပစ္စည်းတွေနဲ့ အောက်ဆီဂျင်အိုး အလုံး ၂၀ ကျော်ကိုလည်း စစ်တပ်က သိမ်းဆည်းသွားတယ်လို့ ကိုချမ်းလေးကပြောပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့ ဆရာဝန် ငါးဦးထဲကနှစ်ဦးဟာ CDM ဆရာဝန်တွေဖြစ်ပြီး စစ်တပ်က ရာဇသတ်ကြီးပုဒ်မ- ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ ကျန်၃ ဦးကတော့ ပုဂ္ဂလိကဆရာဝန်တွေလို့လည်းပြောပါတယ်။ပုံမှန်အားဖြင့် Covid-19 ကာကွယ်ရေးပြည်သူ့အကျိုးပြုအဖွဲ့အနေနဲ့ လူနာတစ်ဦးကဆက်သွယ်လာရင် မြေပြင်မှာ စုံစမ်းစိစစ်တာတွေလုပ်ပြီးမှ ဆေးအဖွဲ့ကိုလွှတ်တာဖြစ်ပေမယ့် တောင်ဥက္ကာမြို့နယ်မှာ မြေပြင်က စိစစ်ပေးမယ့်လူငယ်အဖွဲ့အစည်း မဖွဲ့ရသေးတာကြောင့် အခုလို ဖြစ်ပေါ်ခဲ့တယ်လို့ သူကပြောပါတယ်။Covid-19 ကာကွယ်ရေးပြည်သူ့အကျိုးပြုအဖွဲ့ကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြောက်ဒဂုံမှာ ယာယီရုံးချုပ်ကိုဖွင့်လှစ်ထားတာပါ။ဒီအဖွဲ့ကို CDM ဆရာဝန်တွေ ၊ပုဂ္ဂလိက ဆရာဝန်တွေ၊ သူနာပြုတွေ အပြင် လူမှုရေးအသင်းအဖွဲ့တွေက စေတနာ့ဝန်ထမ်းလူငယ်တွေနဲ့ဖွဲ့စည်းထားလည်းဖြစ်ပါတယ်။Covid-19 ကာကွယ်ရေးပြည်သူ့အကျိုးပြုအဖွဲ့အနေနဲ့ ရန်ကုန်တိုင်း တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာ မြို့နယ်တွေမှာ ဆေးကုသမှုတွေပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ လအတွင်း လူနာ ၁၂၈ ဦး ကို ဆေးကုသပေးနိုင်ခဲ့တယ်လို့ ကိုချမ်းလေးက ပြောပါတယ်။တောင်ဥက္ကာလပမြို့နယ်ဟာ ဆေးကုသတဲ့ဝန်ဆောင်မှုပေးမယ့်နယ်မြေအဖြစ် တိုးချဲ့ဖို့စီစဉ်နေတုန်း အခုလို ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့က မြို့နယ်အများစုက ဒေသခံပြည်သူတွေဟာ ကိုရိုနာဗိုင်းရပ်ကူးစက်မှု အကြီးအကျယ် ခံစားနေကြရပြီး သေဆုံးမှု အများအပြားရှိနေပါတယ်။ ဆေးရုံဆေးခန်းတွေမှာ ကုသဖို့ မဖြစ်နိုင်တဲ့အတွက် ကိုယ်ထူကိုယ်ထ အိမ်မှာနေပြီး ရောဂါ သက်သာပျောက်ကင်းအောင် ကုသနေရပြီး အရေးပေါ် လိုအပ်ရင် ပရဟိတအဖွဲ့တွေကို အားထားနေရပါတယ်။ဒီလို ကပ်ဘေးကျရောက်နေချိန် စစ်သားတွေက ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာအသွင်ယူပြီး ဆရာဝန်တွေကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လိ်ု့ မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဒီကနေ့ညပိုင်းမှာ RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းဆက်သွယ်လို့မရပါဘူး။

Share to RFA Burmese